မြောက်ပိုင်းငြိမ်းချမ်းရေးမှာ UWSA ဝအဖွဲ့ ပါဝင်ဖို့ အရေးပါလို့ UNFCပြော

  • 24 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption UWSA ဝတပ်ဖွဲ့ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်းမှာ တောက်လျှောက်ပါဝင်ခဲ့ပြီး ပထဝီဝင် အနေအထားအရလည်း ဒီအဖွဲ့က အရေးပါတဲ့အတွက် သွားရောက်တွေ့ဆုံရတာဖြစ်

UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ဒုဥက္ကဌ နိုင်ဟံသာနဲ့ UWSA ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ခေါင်းဆောင် ပေါက်ယူချန်းတို့ ဒီဇင်ဘာလ ၂၂ရက်နေ့က ရှမ်းပြည်နယ် ပန်ဆိုင်းမြို့နယ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ရတာဟာ မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးမှာ UWSA ဝတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍက အရေးပါပြီး မြေပြင်အခြေအနေလေ့လာဖို့လည်း ဖြစ်ကြောင်း UNFC ဘက်က အတည်ပြု ပြောကြားခဲ့ပါတယ်။

UWSA ဝတပ်ဖွဲ့ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်းမှာ တောက်လျှောက်ပါဝင်ခဲ့ပြီး ပထဝီဝင် အနေအထားအရလည်း ဒီအဖွဲ့က အရေးပါတဲ့အတွက် သွားရောက်တွေ့ဆုံရတာလို့ UNFCရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်တဲ့ ရခိုင်အမျိုးသား ကွန်ဂရက်ပါတီက ဦးထွန်းဇော်က ဘီဘီစီကို ပြောပါတယ်။

ဒီဆွေးနွေးပွဲတွေမှာ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်တွေ အတွက် မြေပြင်အခြေအနေ ဖလှယ်မှုတွေ ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေလုပ်ခဲ့တယ်ဆိုပေမယ့် အသေးစိတ်ကိုတော့ UNFCဘက်က မထုတ်ပြန်ခဲ့ပါဘူး။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ UWSA ဝတပ်ဖွဲ့ ပါဝင်လာဖို့ ဖိတ်ခေါ်မှုတွေ ရှိခဲ့ပြီး တိုင်းရင်းသားလေးဖွဲ့ပါဝင်နေတဲ့ ဒီမြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံမှုမှာလည်း ပါဝင်သင့်ကြောင်း သဘောထားထုတ်ပြန်မှုတွေရှိခဲ့တယ်လို့ ဦးထွန်းဇော်က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရစစ်တပ်အကြား တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ဖို့ အတွက်ကတော့ မြန်မာ့တပ်မတော်ရဲ့ ဆန္ဒသဘောထားပေါ်မှာပဲ မူတည်နေတယ်လို့ ဦးထွန်းဇော်က ပြောပါတယ်။

မြန်မာ့တပ်မတော်ဟာ တိုင်းရင်းသားတပ်ပေါင်းစုတခုနဲ့ တစုတစည်းထဲ အဆွေးအနွေးမခံပဲ အဖွဲ့တချို့ကို ချန်ထားပြီး ဆွေးနွေးနေတဲ့အတွက် ဒီကျန်ခဲ့တဲ့ အဖွဲ့တွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့အဖြစ် စုပေးလိုက်သလို ဖြစ်သွားတယ်လို့လည်း သူက ပြောပါတယ်။

UNFCဘက်ကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရေး ဆက်လက် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ