အစိုးရ ကျန်းမာရေး အာမခံ အဝယ်မလိုက်လို့ အသစ်ပြင်ဆင်

  • 26 ဒီဇင်ဘာ 2016
Image caption ခွဲစိတ် ကုသတာ ကာမိဖို့ဆိုရင် အပိုဆောင်း အာမခံကြေး ထပ်ဝယ်ဖို့ လို

အစိုးရရဲ့ မြန်မာ့ အာမခံ လုပ်ငန်းက ထားရှိခဲ့တာ တစ်နှစ် ကြာပြီ ဖြစ်တဲ့ ကျန်းမာရေး အာမခံ စနစ်ဟာ မအောင်မမြင် ဖြစ်နေတဲ့ အတွက် အပြောင်းအလဲတွေ ပြုလုပ်ဖို့ စီစဉ် နေပါတယ်။

ကျန်းမာရေး အာမခံကို လက်ရှိ ဝယ်ယူ ထားတဲ့သူ လေးထောင်ကျော်ပဲ ရှိနေပြီး၊ မြန်မာ့ အာမခံ အနေနဲ့ တစ်နှစ်စာ အာမခံကြေး အနည်းဆုံး သတ်မှတ်ထားတဲ့ ယူနစ် ပမာဏ ကျပ်ငွေ ၅ သောင်း ကနေ ၄ သောင်း ၄ ထောင် အထိ လျှော့ချ ပေးမှာ ဖြစ်ပါတယ်။

ဒီ နှုန်းထား အသစ်ဟာ လာမယ့် နှစ်ဆန်း ဇန်နဝါရီ ၄ ရက်မှာ စတင် အသက်ဝင် လာမှာ ဖြစ်ပါတယ်။

အနည်းဆုံး ယူနစ် ပမာဏနဲ့ အာမခံ ဝယ်ထားသူ ဆေးရုံ တက်ရပြီ ဆိုရင် အရင်က တစ်ရက်ကို တစ်သောင်းခွဲပဲ ရပေမယ့် အခုတော့ နှစ်သောင်းရမယ်လို့ ဆိုပါတယ်။

၄ သောင်း ၄ ထောင် ဆိုတဲ့ အနည်းဆုံး ယူနစ်ကို တလုံးတည်း တခဲတည်း မသွင်းပဲ တစ်လကို လေးထောင် သွင်းတာမျိုးနဲ့ အရစ်ကျ ပေးလို့ ရတယ်လို့ မြန်မာ့ အာမခံ လုပ်ငန်းရဲ့ အထွေထွေ မန်နေဂျာ ဦးခင်မောင်ဝင်းက ပြောပါတယ်။

ဒီ အစီအစဉ်သစ် ဟာလည်း စမ်းသပ် တစ်နှစ် ကာလ သတ်မှတ် ထားပြီး ၊ မအောင်မြင်ဘူး ဆိုရင် ပြုပြင် ပြောင်းလဲတာတွေ ထပ်ပြီး လုပ်ဆောင်မယ် လို့လည်း ဦးခင်မောင်ဝင်းက ဆိုပါတယ်။

အာမခံကြေးဟာ ဆေးရုံမှာ ကုန်ကျတဲ့ ဆေးဖိုးဝါးခတွေ အတွက် သီးသန့် မပေးသလို ကင်ဆာရောဂါ၊ ရုတ်တရက် နှလုံးဖောက်တာ၊ လေဖြတ်တာ နဲ့ ခွဲစိတ် ကုသတာလို ကိစ္စမျိုး တွေမှာ စရိတ်စက တချို့ ပြန်ရဖို့ဆိုရင် အပိုဆောင်း အာမခံကြေး အစီစဉ်တွေကို ထပ်ဝယ်ဖို့ လိုတယ် လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ