ရခိုင်အရေး ကာကွယ်ပေးဖို့ နိုဘယ်ဆုရှင်တွေ စာရေးသား တောင်းဆို

  • 30 ဒီဇင်ဘာ 2016
Image caption ရခိုင် ပြည်နယ်မှာ တပ်မတော်က လူအမြောက်အများ အပေါ်မှာ ရာဇဝတ်မှုတွေ ကျူးလွန် နိုင်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့ကြီး Amnesty International စွပ်စွဲ

နိုဘယ်ဆု ရှင် ၁၁ ယောက်အပါအ၀င် ကမ္ဘာမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ် ၂၃ ဉီး က ရခိုင်ပြည်နယ် မှာ ဖိနှိပ်မှုတွေ ခံနေရတဲ့ ရိုဟင်ဂျာ မွတ်ဆလင် တွေကို အကာအကွယ် ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ ဆီကို စာရေး သား တောင်းဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ မှာ ရခိုင် နယ်စပ် လုံခြုံရေး စခန်း ကို တိုက်ခိုက်မှု တွေ ဖြစ်ပွား ခဲ့ပြီးနောက် မြန်မာ အစိုးရ က လုံခြုံရေး အကြောင်းပြပြီး ရှင်းလင်း မှုတွေ လုပ်နေ ရာမှာ အရပ်သားရိုဟင်ဂျာတွေ အပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီး သောင်း နဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်ဆလင် တွေဟာ နေအိမ်ကို စွန့်ခွာထွက်ပြေးနေရပါတယ်။

ရခိုင် ပြည်နယ်အတွင်း သတင်းသမားတွေ လွတ်လပ်စွာ ဝင်ရောက်ခွင့်ကို တားမြစ် ထားတာ၊ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေး တားမြစ်ခံရခဲ့တာတွေ အတွက် မြန်မာ အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက် အပေါ်မှာ သူတို့ စိတ်ပျက်မိ တဲ့အကြောင်း နိုဘယ် ဆုရှင် တွေ က စာ ထဲမှာ ရေးသား ဖော်ပြ ထားပါတယ်။

စာရေးသား တောင်းဆို ခဲ့ကြတဲ့ နိုဘယ်ဆုရှင်တွေထဲမှာ ဘုန်းတော်ကြီး ဒတ်စ်မွန် တူးတူး၊ အော်စကာ အေရီးစ်၊ ဂျိုဒီ ဝီလျံ၊ မက်ရီ မက်ဂွိုင်ရာ၊ မိုဟာမက် ယူနွတ်စ်၊ ဂျိုဆေးရာမို့စ် ဟော်တာ စတဲ့ သူတွေ လည်း ပါဝင်ပါတယ်။

မြန်မာ အစိုးရ တပ်မတော် ဟာ ရခိုင် ပြည်နယ်မှာ လူအမြောက်အများ အပေါ်မှာ ရာဇဝတ်မှုတွေ ကျူးလွန် နိုင်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့် Amnesty International အဖွဲ့ကြီးကလည်း ဒီဇင်ဘာလ အစောပိုင်းမှာ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ပြီး စွပ်စွဲ ပြောကြား ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ