နေပြည်တော် သွားတဲ့လမ်းမှာ ရိုဟင်ဂျာ ၆ ဉီး ကို ပို့ပေးသူတွေနဲ့ အတူ ဖမ်းမိ

  • 30 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption မွတ်ဆလင်တွေ အနေနဲ့ ခွင့်ပြုချက် မရှိဘဲ ရခိုင်ပြည်နယ်ကို ကျော်ပြီး ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေကို သွားလာခွင့် မရှိ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကနေ နေပြည်တော်ကို သွားတဲ့လမ်းမှာ အစိုးရ က ဘင်္ဂလီလို့ ခေါ်တဲ့ ရိုဟင်ဂျာ ၆ ဦးနဲ့ သူတို့ကို ကားနဲ့ ခေါ်ယူလာသူ သုံးဦးကို ဖမ်းဆီး ရမိခဲ့ပါတယ်။

အခု ဖမ်းဆီးခံရတဲ့ သူတွေဟာ အရင်ကလို ရန်ကုန်ကို ဦးတည်ပြီး သွားကြတာ မဟုတ်ဘဲ နေပြည်တော်ကို သွားကြတဲ့သူတွေ ဖြစ်ပါတယ်။

သူတို့ ၆ ဦးကို ကားနဲ့ ခေါ်ဆောင်လာသူ သုံးဦးနဲ့အတူ ကျောက်တော်မြို့နယ် မဟာမုနိ ဘုရားအနီးရှိ ကားလမ်းပေါ်မှာ ဖမ်းဆီး ရမိခဲ့တာလို့ ကျောက်တော်မြို့နယ် သရက်တစ်ပင် ရဲစခန်းမှူး က ပြောပါတယ်။

အခု ဖမ်းဆီးခံရတဲ့သူ ၆ ဦးထဲမှာ ကျောက်တော်မြို့နယ် အပေါက်ဝက ၂ ဦး၊ အောက်ပိုက်သည်၊ အထက်ပိုက်သည် မွတ်ဆလင် ကျေးရွာတွေက ဖြစ်ပြီး သူကို ပို့ဆောင်သူ သုံးဦးကတော့ နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်က ဖြစ်ကြပါတယ်။

မွတ်ဆလင် လူမျိုးတွေကို တော့ လဝက ဥပဒေ နဲ့ အရေးယူသွားမှာ ဖြစ်ပြီး သူတို့ကို သယ်ဆောင် လာတဲ့ လူတွေကို လူကုန်ကူးမှု နဲ့ အရေးယူမယ်လို့ ကျောက်တော်မြို့နယ် သရက်တစ်ပင် ရဲစခန်းမှူး က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ကလည်း ရခိုင်ပြည်နယ်ကနေ ရန်ကုန် ဘက် ကို သွားရောက်မယ့် အထောက်အထားမဲ့ မွတ်ဆလင် ၆ ဦးကိုလည်း အမ်းမြို့နယ် အတွင်း ဖမ်းဆီး အရေးယူခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်နေကြတဲ့ မွတ်ဆလင်တွေ အနေနဲ့ ခွင့်ပြုချက် မရှိဘဲ ရခိုင်ပြည်နယ်ကို ကျော်ပြီး ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေကို သွားလာခွင့် မရှိတဲ့ အတွက် လူ အသယ်အပို့ လုပ်တဲ့ ကား ကယ်ရီလုပ်တဲ့သူတွေနဲ့ သွားလာကြရာမှာ မကြာခဏ ခုလို ဖမ်းဆီးခံနေကြရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ