အလဲဗင်း ပိုင်ရှင်နဲ့ အယ်ချုပ် အာမခံ ထပ်ငြင်းခံရ

  • 30 ဒီဇင်ဘာ 2016
Image caption ဒေါက်တာ သန်းထွဋ်အောင် ရုံးချိန်းကို လူနာတင် ယာဉ်နဲ့ လာရောက်ပြန်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ပုဒ်မ ၆၆ (ဃ) နဲ့ တရား စွဲဆိုထားတဲ့ အလဲဗင်း မီဒီယာဂရု CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ နှစ်ယောက်ရဲ့ အာမခံ လျှောက်ထားမှုကို တာမွေမြို့နယ် တရားသူကြီးက ထပ်မံ ပယ်ချ ခဲ့ပါတယ်။

အလဲဗင်းမီဒီယာရဲ့ ဆောင်းပါးထဲမှာ အချက်အလက်တွေ မှားယွင်းစွာ ကိုးကားမိတဲ့ အတွက် တောင်းပန်ကြောင်း စာကို အလဲဗင်းက ဒီ အပတ်ထဲမှာပဲ ဖော်ပြခဲ့တဲ့အတွက် နှစ်ဖက် ကြေအေးလိမ့်မယ်လို့ ယူဆမှုတွေ ရှိခဲ့ပေမယ့် အာမခံ ထပ်ငြင်း ခံလိုက် ရတာပါ။

နို၀င်ဘာ လဆန်း ကတည်းက အဖမ်း ခံထားရတဲ့ ဒီအမှုမှာ ရုံးထုတ် စစ်ဆေးတာ ခြောက်ကြိမ် ရှိခဲ့ပြီး အာမခံ လျှောက်ခဲ့တာလည်း လေးကြိမ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၃ဝ ရက်နေ့ ရုံးချိန်းမှာတော့ တရားလို ဖြစ်တဲ့ ရန်ကုန် အစိုးရ အဖွဲ့က ညွှန်ကြားရေးမှုး ဦးမိုးဟိန်း နေပြည်တော် အစည်းအဝေး ရှိနေတဲ့ အတွက် ရောက်မလာ နိုင်ခဲ့လို့ နောက်တစ်ပတ် သောကြာ နေ့ အထိ ရုံးချိန်း ရွှေ့ခဲ့ရတယ် ဆိုပြီး ဒေါက်တာ သန်းထွဋ်အောင် တို့ ဘက်က လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ဘီဘီစီကို ပြောပါတယ်။

ဒေါက်တာ သန်းထွဋ်အောင်ရဲ့ ကျန်းမာရေး အခြေအနေ ဆက်လက် ယိုယွင်းလျက် ရှိနေတယ်လို့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

အလဲဗင်းက တောင်းပန်ကြောင်း ဖော်ပြ ခဲ့ပေမယ့် အစိုးရဘက်က ဥပဒေကြောင်း အရ ဆက်သွားမယ် ဆိုပြီး ပြည်တွင်း မီဒီယာ တချို့က ဦးမိုးဟိန်း ကို ကိုးကား ဖော်ပြ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ