ရှစ်လေးလုံး မော်ကွန်းတိုင် တောင်ကြီးမှာ ဖွင့်လှစ်

  • 31 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် DawMoeMoeKhin@Facebook
Image caption ဒီကျောက်တိုင်ကို တည်ဆောက်ရာမှာ ဒေသခံလူငယ်တွေရဲ့ စိတ်ဝင်တစားအလှူငွေနဲ့ လုပ်အားထည့်ဝင်မှုတွေရှိခဲ့

ရှမ်းပြည်နယ် တောင်ကြီးမြို့က ဗိုလ်ချုပ်ပန်းခြံမှာ ရှစ်လေးလုံး အထိမ်းအမှတ် မော်ကွန်း ကျောက်တိုင်ဖွင့်ပွဲ၊ ငြိမ်းချမ်းရေးအတွက် မီးထွန်းပွဲနဲ့ မီးပုံးပျံလွှတ် ဆုတောင်းပွဲတွေကို ဒီဇင်ဘာလ ၃၁ နေ့မှာ ကျင်းပခဲ့ပါတယ်။

အခုလို ရှစ်လေးလုံးအထိမ်းအမှတ် မော်ကွန်း ကျောက်တိုင် ထားရှိ ဖွင့်လှစ်တာမျိုးဟာ မြန်မာနိုင်ငံအတွက် ပထမဆုံး ဖြစ်ပြီး ဒီအထိမ်းအမှတ်ပွဲတွေကို ဒီဇင်ဘာလ ၃၁ ရက်နဲ့ နှစ်သစ်ကူး ဇန်နဝါရီလ တရက်၊ နှစ်ရက်ဆက်တိုက် ကျင်းပသွားမှာ ဖြစ်ပါတယ်။

လက်ရှိအစိုးရဟာ ရှစ်လေးလုံး အရေးတော်ပေါ်ကြောင့်သာ ပေါက်ဖွားလာရတဲ့အတွက် ကျေးဇူးမမေ့အပ်ဘူးလို့ ရှမ်းပြည်နယ်အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်က ပြောဆိုခဲ့ပါတယ်။

၁၉၈၈ ကာလ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသူတွေ ဂုဏ်ပြုတဲ့ အထိန်းအမှတ်နဲ့ စိုက်ထူခဲ့တာ ဖြစ်ပေမယ့် လူထုလိုချင်တဲ့ အပြောင်းအလဲ အပြည့်အဝမရသေးဘူးလို့ ဒေသခံ တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်မိုးမိုးက ဘီဘီစီကို ပြောပါတယ်။

ဒီအခမ်းအနားမှာ ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ ရှစ်လေးလုံးကာလတုန်းက နိုင်ငံရေးမျိုးဆက်တွေနဲ့ တောင်ကြီးမြို့ပေါ်က ရပ်မိရပ်ဖတွေ တက်ရောက်ခဲ့ကြပါတယ်။

အခု စိုက်ထူခဲ့တဲ့ မော်ကွန်းကျောက်တိုင်ဟာ အပေါ်က မြင်ကွင်းအရ အင်္ဂလိပ်ဂဏန်း ၈ အက္ခရာပုံစံ ဆောက်လုပ်ထားပြီး ၈၈ကာလ လူထုချီတက်ပွဲ သရုပ်ဖော်ပုံကို ဖော်ပြထားတဲ့အပြင် ဂုဏ်ပြု မော်ကွန်းစာသားကို အင်္ဂလိပ်မြန်မာ ၂ဘာသာနဲ့ ရေးထိုးထားတာ ဖြစ်ပါတယ်။

ဒီကျောက်တိုင်ကို တည်ဆောက်ရာမှာ ဒေသခံလူငယ်တွေရဲ့ စိတ်ဝင်တစား အလှူငွေနဲ့ လုပ်အား ထည့်ဝင်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ