ကွတ်ခိုင်မှာ လက်နက်ကြီး ပစ်ခတ်မှုတွေ ပေါ်ပေါက်

  • 31 ဒီဇင်ဘာ 2016
Image caption တရုတ်နယ်စပ် အနီးက မြန်မာ ဒုက္ခသည်တွေ

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် မြို့ ကနေ လက်နက်ကြီး သံတွေ အလုံး ၃ဝ ထက် မက ကြားခဲ့ ရတယ် ဆိုပြီး မြို့ခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၃၁ ရက် မနက် အစောပိုင်းက ကချင် လက်နက်ကိုင် KIA နဲ့ တအာင်း လက်နက်ကိုင် TNLA တို့ ပူးပေါင်း အဖွဲ့တွေဟာ ကွတ်ခိုင် အနောက်မြောက်ဘက် ၂ မိုင် လျော့လျော့ ကနေ လက်နက်ကြီး တွေ နဲ့ လာရောက် ပစ်ခတ် ခဲ့တဲ့ အတွက် ပြန်လည် ပစ်ခတ် တာတွေ ပြုလုပ် ခဲ့ရတယ် ဆိုပြီး အစိုးရ စစ်တပ်က သတင်း ထုတ်ပြန်ပါတယ်။

ပစ်ခတ်မှုတွေ ကြောင့် လူ အသေအပျောက်နဲ့ အဆောက်အဦး ပျက်စီးမှု တစုံတရာ မရှိ ဘူးလို့ ဆိုပါတယ်။

ရှမ်းပြည် မြောက်ပိုင်းမှာ အခုလ တွေ အတွင်း ဖြစ်ပေါ် လာပြန်တဲ့ တိုက်ပွဲတွေ ကြောင့် ကွတ်ခိုင် မြို့ပေါ် အပါအဝင် ပတ်ဝန်းကျင် ဒေသတွေမှာ စစ်ဘေး ဒုက္ခသည် စခန်း ၆ ခု ထက်မနည်း ရှိနေပြီး ဒုက္ခသည် ထောင်နဲ့ချီ ခိုလှုံ နေရတယ်လို့ ဒုက္ခသည်တွေကို ကူညီနေသူ တွေက ပြောပါတယ်။

နန့်ဖလွန် ကနေ တဆင့် သွားရတဲ့ နေရာ တစ်ခုမှာ ဖန်ငေါ့ ကျေးရွာက ရွာသား ၈ဝ ကျော် ယာယီ နေထိုင် နေရတဲ့ စခန်း နေရာကို အကူအညီပေးဖို့ ကိုယ်တိုင် သွားခဲ့တဲ့ မမိုင်မိုင်းက အဲဒီ နေရာမှာ ရင်ခွင်ပိုက် အရွယ် ကလေး ငယ်တွေနဲ့ မိခင် တွေ အပါအဝင် ဒုက္ခသည် တွေဟာ မြေကြီးပေါ် ဒီ အတိုင်း အိပ်စက် နေရတယ်လို့ ဆိုပါတယ်။

အဲဒီ နေရာကို အာဏာပိုင်တွေ ဘက်က အထောက်အပံ့ တစုံတရာ ရောက်မလာ သေးပေမယ့်၊ မန်လုံရွာကနေ ပြေးလာတဲ့ ဒုက္ခသည်တွေ မှီခိုနေရာ ကွတ်ခိုင်မြို့ ၊ ရပ်ကွက် ၆ မှာ ရှိတဲ့ စခန်းကိုတော့ ဒေသခံ အာဏာပိုင်တွေက စားသောက် စရာတွေ ပံ့ပိုး ပေးခဲ့တယ်လို့ မမိုင်းမိုင်က ဆိုပါတယ်။

ကြူကုတ် ပန်ဆိုင်းဒေသ၊ တရုတ် နယ်စပ် အနီးမှာလည်း မြန်မာပြည်က ဒုက္ခသည်တချို့ ဆက်လက် သောင်တင် နေဆဲဖြစ်ပြီး အကူအညီတွေ လိုအပ် နေတယ်လို့ ဒုက္ခသည် အရေး ဆောင်ရွက် နေသူ တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ