ကာကွယ်ရေး ဉီးစီးချုပ် နှစ်သစ် မိန့်ခွန်း ပြောကြား

  • 1 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် ကာချုပ်ရုံး
Image caption ကချင်ပြည်နယ် ပဋိပက္ခ၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ပဋိပက္ခနဲ့ ရခိုင် မြောက်ပိုင်း ပဋိပက္ခ သုံးမျိုးစလုံးကို တန်းတူထား

ဇန်နဝါရီလ ၁ ရက်နေ့ ခရစ်နှစ် ၂၀၁၇ ခုနှစ်ရဲ့ ပထမဆုံးနေ့ မနက်မှာပဲ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားကို ဖေ့စ်ဘုတ်တင်ခဲ့ပါတယ်။

နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားဟာ ၃ မိနစ်လောက်ပဲကြာတဲ့ တိုတိုတုတ်တုတ် စကားပဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာကိုပဲ အဓိကထားပြောဆိုတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ ကာကွယ်ရေးဉီးစီးချုပ်က တိုင်းရင်းသား လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူတွေကြောင့် ကချင်ပြည်နယ်အချို့ဒေသ၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ရခိုင် ပြည်နယ် မြောက်ပိုင်း ဒေသတွေမှာ တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့ရပြီး ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်များ ထိခိုက်လာသည့်အတွက် တပ်မတော်က အသက် သွေးချွေးများစွာပေးဆပ်ပြီး တည်ငြိမ်အေးချမ်းအောင် ထိန်းသိမ်း ဆောင်ရွက်ပေးခဲ့ ရတယ်လို့ပြောသွားခဲ့ပါတယ်။

အဲဒီ အထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူဆိုတဲ့ စကားလုံး ကို သုံးစွဲသွားတာကိုတွေ့ရပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ပဋိပက္ခ၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ပဋိပက္ခနဲ့ ရခိုင် မြောက်ပိုင်း ပဋိပက္ခ သုံးမျိုးစလုံးကို တန်းတူထားပြီး တိုင်းရင်းသား လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူလို့ သုံးစွဲသွားတဲ့ သဘောမျိုးတွေ့ရပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူဆိုတဲ့ အသုံးအနှုန်းဟာ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အဖုအထစ် ဖြစ်ကောင်းဖြစ်ဖွယ်ရှိပေမယ့် ၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်တာကိုတော့ အောင်မြင်မှု တရပ် အဖြစ် ပြောဆို သွားတာ ကိုလည်း တွေ့ရပါတယ်။

ပင်လုံ နဲ့ပတ်သက်ပြီးတော့ ကာကွယ်ရေး ဉီးစီးချုပ် က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစုပင်လုံကိုလည်း စတင် ကျင်းပနိုင်ခဲ့ကြောင်းနဲ့ ၂၀၁၇ ခုနှစ်မှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံကြီး ပေါ်ထွန်းရေးတို့အတွက် တပ်မတော် အနေနဲ့ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောသွားပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် အဓိက အကျဆုံးနေရာမှာရှိတယ်လို့ မှတ်ယူ ထားကြတဲ့ ကာကွယ်ရေးဉီးစီးချုပ်ရဲ့ နှစ်သစ်ကူးနှုတ်ခွန်းစကားမှာ အလား လာ အကောင်းအဆိုး ရောယှက်နေတာကို တွေ့ရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ