ကြားဖြတ် ရွေးကောက်ပွဲ ဝင်မယ့် သူတွေ အမည်စာရင်း ထွက်ရှိ

  • 2 ဇန်နဝါရီ 2017
Image caption အဓိက ပါတီကြီးတွေ အင်ပြည့်အားပြည့် ဝင်ပြိုင်မယ်

လာမယ့် ဧပြီလ ၁ ရက်နေ့ မှာ မြန်မာ နိုင်ငံမှာ ကျင်းပဖို့ စီစဉ် ထားတဲ့ ကြားဖြတ် ရွေးကောက်ပွဲ အတွင်း ဝင်ရောက် ယှဉ်ပြိုင် ကြမယ့် ကိုယ်စားလှယ်လောင်း တွေရဲ့ နာမည် စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာ လာပါတယ်။

နိုင်ငံရေးပါတီ ၂၄ ခုက သူတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် တွေဟာ လွှတ်တော် အသီးသီးက လစ်လပ် နေရာ ၁၉ နေရာ အတွက် ဝင်ရောက် အရွေး ခံကြမှာ ဖြစ်ပါတယ်။

လစ်လပ် ၁၉ နေရာ ကို ကြည့်ရင် ပြည်သူ့ လွှတ်တော် အတွက် ၉ နေရာ၊ အမျိုးသား လွှတ်တော် အတွက် ၃ နေရာ၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေ အတွက် ၇ နေရာ ဖြစ်ပါတယ်။

အဓိက ပါတီကြီးတွေ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ် ၁၈ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ USDP က ကိုယ်စားလှယ် ၁၉ ဦးတို့နဲ့ ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲကို အင်ပြည့်အားပြည့် ဝင်ရောက် ကြမှာ ဖြစ်ပါတယ်။

လစ်လပ် နေရာ အရေအတွက် အရ လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေကို ပြောင်းလဲ သွားနိုင်လောက်အောင် လွှမ်းမိုး နိုင်မှာ မဟုတ်ပေမယ့်၊ NLD ပါတီ အပေါ် လူထု ထောက်ခံမှုနဲ့ ပတ်သက်ပြီး ဒီ ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်တွေကနေ တဆင့် ဆန်းစစ် နိုင်မယ်လို့ လေ့လာ သူတွေက ဆိုပါတယ်။

အထူးသဖြင့် ပြည်နယ်တွေက မဲဆန္ဒရှင် ပြည်သူတွေရဲ့ NLD အပေါ် သဘောထားကို ဒီ ကြားဖြတ် ရွေးကောက်ပွဲ ကနေ မြင်တွေ့ ရနိုင်မှာ ဖြစ်လို့ ၂ဝ၂ဝ ရွေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်ဖို့ရာ တစုံတရာ အရေးပါတယ်လို့ နိုင်ငံရေး ဆောင်းပါးတွေ ရေးသားနေတဲ့ ဒေါက်တာ ရန်မျိုးသိမ်းက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ