ရွာသားတွေကို ရိုက်နှက်မှု နိုင်ငံတကာပဋိဉာဏ် ချိုးဖောက်ရာရောက်

  • 3 ဇန်နဝါရီ 2017
Image caption ရွာသားတွေကို ရိုက်နှက် ကန်ကျောက်နေပုံကို ဗီဒီယိုထဲမှာ တွေ့ရ

ရိုဟင်ဂျာရွာသားတွေကို ရဲတွေက ကိုယ်ထိလက်ရောက် ကန်ကျောက်ရိုက်နှက်နေတာတွေဟာ မြန်မာအစိုးရက ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ညီမျှခြင်း မြန်မာ လူ့အခွင့်အရေးအဖွဲ့က ဦးအောင်မျိုးမင်းက ပြောလိုက်ပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့က ရသေ့တောင်မြို့နယ်ထဲက ကိုးတန်ကောက်ကျေးရွာမှာ ဖြစ်ခဲ့တယ်ဆိုတဲ့ အဖြစ်အပျက်မှာ တန်းစီထိုင်ခိုင်းထားတဲ့ ရွာသားတွေထဲက တစ်ယောက်ကို ရဲသားတွေက တုတ်နဲ့ရိုက်၊ ကန်ကျောက်နေကြတဲ့ ဗီဒီယိုတစ်ခု ဖေ့စ်ဘွတ်ပေါ်ရောက်လာခဲ့အပြီးမှာ အဲဒီလို ကျူးလွန်သူတွေကို ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန် ချက်ထဲမှာ တွေ့ရပါတယ်။

နှိပ်စက်ညှင်းပမ်းမှုကို ဘယ်လို အခြေအနေမျိုးမှာမှ ပြုလုပ်ခွင့်မရှိဘူးလို့ မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးထားတဲ့ နိုင်ငံတကာ စာချုပ်စာတန်းတွေမှာ ပြဌာန်းထားပြီး ဥပဒေစိုးမိုးရေးကို တာဝန်ယူရသူတွေက ပိုပြီး ဒေါသအစွဲကင်းဖို့လိုတယ်လို့ ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။

အထူးသဖြင့် နိုင်ငံတော်လုံခြုံရေး၊ အမျိုးသားအကျိုးစီးပွားအတွက်ဆိုပြီး စစ်ဆင်ရေး လုပ်ကြတဲ့ တပ်ဖွဲ့ဝင်တွေကို လူ့အခွင့်အရေးပြဌာန်းချက်တွေက ဘာရှိတယ်၊ ကျူးလွန်ဖောက်ဖျက်ရင် ဘယ်လို အရေးယူခံရမယ်ဆိုတာမျိုးကို အတိအလင်း ပြောပြထားပြီး ကျူးလွန်သူတွေကို တိတိကျကျအရေးယူတာမျိုး လုပ်ဖို့လိုတယ်လို့ သူက ပြောပါတယ်။

မောင်တောမြို့နယ်ထဲက နိုရူလာ ရဲကင်းကို မော်တော်ဆိုင်ကယ်စီး လက်နက်ကိုင်တွေ လာရောက် ပစ်ခတ်လို့ တပ်ဖွဲ့ဝင်တချို့ ကျဆုံး ဒဏ်ရာရတာတွေ ရှိခဲ့တဲ့အပေါ် စိတ်အခံ ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သူတွေကို ဝင်ရောက် ရှာဖွေရင်း ကိုးတန်ကောက်ရွာက ရိုဟင်ဂျာရွာသားတွေကို ကန်ကျောက် ရိုက်နှက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲနိုင်က ဆိုပါတယ်။

ဒီဖြစ်ရပ် တစ်ခုထဲကြောင့်တော့ လုံခြုံရေးတပ်ဖွဲ့ကြီး တစ်ခုလုံးက ရွာသားတွေကို နိုင်ထက်စီးနင်း လုပ်လိမ့်မယ်လို့ မယူဆနိုင်ပါဘူးလို့လည်း ဦးရဲနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း ဦးရဲနိုင် ဦးဆောင်ပြီး သတင်းထောက်တချို့ကို ကိုးတန်ကောက်ကို ခေါ်သွားပြီး ရွာသားတွေနဲ့ တွေ့ဆုံမေးမြန်းဖို့ စီစဉ်ပေးခဲ့ပါတယ်။ ရွာသားတွေနဲ့လည်း တွေ့ဆုံမေးမြန်းခွင့် ရခဲ့တယ်ဆိုပေမယ့် ဗီဒီယိုထဲမှာတွေ့ရတဲ့ လုပ်ရပ်မျိုး ဖြစ်ပွားခဲ့ကြောင်း ရွာသားတွေဆီက မသိခဲ့ရဘူးလို့ ဦးရဲနိုင်က ပြောပါတယ်။ သူတို့ကလည်း ရွာသားတွေကို မေးမကြည့်ဖြစ်ခဲ့ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီ ဗီဒီယိုကို မိုဘိုင်းဖုန်းနဲ့ ရိုက်ကူးခဲ့တဲ့ ရဲတပ်သားဇော်မျိုးထိုက်က သူ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်လိုက်တာဖြစ်တယ်လို့ ဦးရဲနိုင်က ပြောပါတယ်။

သူဟာ ရိုက်နှက်မှုပြုလုပ်နေတဲ့ အခြားတပ်ဖွဲ့ဝင်တွေအပေါ် မကြေလည်လို့ တင်လိုက်သလား၊ ဒါမှမဟုတ် အလေးအနက် မစဉ်းစားပဲ တင်လိုက်သလားဆိုတာတော့ မသိရဘူးလို့ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ