ယန်ဟီးလီရဲ့ လာမယ့် ခရီးစဉ်မှာ ရခိုင်ကိုလည်း သွားမယ်

  • 4 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ပုံမှန် ခရီးစဉ် ဖြစ်ပေမဲ့ မောင်တောက လု့အခွင့်အရေး ချိုးဖောက်မှု စွဲချက်တွေကို အလေးထား စုံစမ်းဖွယ်ရှိ

မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး သံတမန် မစ္စ ယန်ဟီးလီ မကြာခင် ရက်ပိုင်းမှာ မြန်မာ နိုင်ငံကို ပုံမှန် ခရီးစဉ် အဖြစ် လာရောက်ဖို့ ရှိပါတယ်။

အခု ခရီးစဉ် အတွင်း မစ္စ ယန်ဟီးလီက ရခိုင်ပြည်နယ်ကို ဇန်နဝါရီလ ၁၃ ရက်နေ့ လောက်မှာ ရောက်လာဖို့ ရှိတဲ့ အကြောင်း ပြည်ထောင်စု အစိုးရက ပြည်နယ် အစိုးရကို အကြောင်းကြား ထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

မစ္စယန်ဟီးလီ ခရီးစဉ်က ပုံမှန် ခရီးစဉ် ဖြစ်ပေမဲ့ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှု တွေ ဖြစ်ပွားနေတဲ့ မောင်တော ဒေသကို သွားရောက်မယ်လို့ သိရတဲ့ အတွက် သွားခွင့် ပြု မပြု ဘီဘီစီက မေးရာမှာ ခွင့်ပြုချက် တောင်းခံပြီး သွားရင် ခွင့်ပြု နိုင်ကြောင်း သူက ပြောပါတယ်။

မောင်တော ဒေသ အတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် မစ္စယန်ဟီးလီက အလေးထား စုံစမ်း စစ်ဆေးမှု တွေ ပြုလုပ်နိုင်တဲ့ အနေ အထား ရှိတာ တွေ့ရပါတယ်။

ဦးတင်မောင်ဆွေကတော့ အစိုးရ အနေနဲ့လည်း ဖုံးကွယ်ထားစရာ မရှိကြောင်းနဲ့ သူတို့ဘက်က မှန်မှန်ကန်ကန် ဆောင်ရွက်နေကြောင်း ပြောပါတယ်။

ဒါ့အပြင် သူတို့ ဘက်က မှားယွင်းတာ လွဲချော်တာတွေ ရှိခဲ့တာကိုလည်း ဥပဒေ အရ အရေးယူ ဆောင်ရွက်နေကြောင်း မစ္စယန်ဟီးလီကို ရှင်းပြ သွားမယ်လို့ လည်း ဦးတင်မောင်ဆွေက ပြောပါတယ်။

မစ္စယန်ဟီးလီရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်က သုံးရက် ကြာမြင့်မှာ ဖြစ်ပြီး တွေ့ရှိချက် တွေကို လာမယ့် မတ်လ ကျရင် လူအခွင့်အရေး ကောင်စီမှာ အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ