စာရေးဆရာ ကျော်ရင်မြင့် မန်းစည်ပင်ကော်မီတီဝင် ဖြစ်လာ

  • 5 ဇန်နဝါရီ 2017

မန္တလေး စည်ပင်ကော်မတီဝင်စာရင်းတွေကို အစိုးရက ထုတ်ပြန်လိုက်တဲ့ အခါ အစိုးရက တိုက်ရိုက်ရွေးချယ် ခန့်အပ်ခွင့်ရှိတဲ့ ကော်မတီဝင် ၅ ယောက်၊ ပြည်သူက တိုက်ရိုက်ရွေးချယ်လိုက်တဲ့ ကော်မတီဝင် ၆ ယောက် ပါဝင်ပါတယ်။ မန္တလေးက စာရေးဆရာ သတင်းစာဆရာ ဦးကျော်ရင်မြင့်လည်း အစိုးရက တိုက်ရိုက်ရွေးချယ်တဲ့ထဲမှာ ပါဝင်ပါတယ်။ ဆရာကျော်ရင်မြင့် အနေနဲ့ စည်ပင်လုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်မလဲ၊ ဘာတွေအကောင်ထည်ဖေါ်မယ် စိတ်ကူးထားသလဲဆိုတာ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဓာတ်ပုံ မူပိုင် Kyaw Yin Myint
Image caption ပွင့်လင်းမြင်သာမှုကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ဦးကျော်ရင်မြင့်ကပြော (ဓာတ်ပုံ Kyaw Yin Myint Facebook)

မေး၊ ဒီတာဝန်ကို ဘယ်လိုကြောင့် ရယူဖြစ်သွားတာပါလဲ။

ဦးကျော်ရင်မြင့်၊ မန္တလေးမြို့တော်ဝန်အနေနဲ့ မြို့ကို တိုးတက်ပြောင်းလဲအောင် တော်တော်လေး လုပ်ချင်နေပါတယ်။ ဒီလို လုပ်တဲ နေရာမှာလည်း နယ်ပယ်အသီးသီးက လူတွေ ပါစေချင်တယ်ဆိုပြီး ကန်းလှမ်းလာပါတယ်။ ကျွန်တော်လည်း ဒီအစိုးရ၊ ဒီ ဝန်ကြီးချုပ် ဒီမြို့တော်ဝန်နဲ့ အလုပ်ခုပ်ချင်တဲ့ အတွက် လက်ခံလိုက်တာပါ။

မေး၊ အခုလို လက်ခံလိုက်ပြီဆိုတော့ လူထုအတွက် ဘာတွေလုပ်မယ်လို့ အစီအစဉ်တွေ ရှိနေပါပြီလဲ။

အဓိက လုပ်ချင်တာကတော့ ပွင့်လင်းမြင်သာမှုပါ။ မန္တလေး စည်ပင်သာယာက ပြည်သူလူထုအတွက် လုပ်တဲ့ လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှု ရှိစေချင်ပါတယ်။ နောက်ပြီး မြို့ကို သန့်ရှင်း သပ်ရပ် အဆင့်မီတဲ့ ကမ္ဘာ့အဆင့်ရှိတဲ့ မြို့တစ်ခု ဖြစ်လာအောင် လုပ်ချင်ပါတယ်။

မေး၊ သတင်းစာဆရာ စာရေးဆရာဘဝကနေ အခု စည်ပင်သာယာရေးလုပ်ငန်းတွေ လုပ်ရတော့မယ်ဆိုတော့ ဘယ်လို ပြင်ဆင်ထားပါသလဲ။

ဖြေ၊ ကျွန်တော်က စာပေသမား၊ သတင်းစာ သမားလုပ်ခဲ့တော့ နယ်ပယ်ပေါင်းစုံမှာ မိတ်ဆွေတွေ တော်တော်များများ ရှိပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေရော၊ အသိပညာရှင်တွေရော၊ အတတ်ပညာရှင်တွေရောပါေ့၊ အဲဒီ မိတ်ဆွေတွေရဲ့ အား ကို အသုံးပြုပြီးတော့ မြို့တော်စည်ပင်သာယာရေးအတွက် အထောက်အပံ့ဖြစ်အောင် လုပ်မယ်လို့ မျှော်မှန်းထားပါတယ်။

မေး၊ အစိုးရဌာနတွေမှာတောင် ထိန်းချုပ်မှုတွေရှိလို့ လုပ်ချင်သလောက် မလုပ်နိုင်ကြဘူးလို့ ပြောတာတွေကြားရပါတယ်။ ဆရာ့အနေနဲ့ ဘယ်လောက်အထိ လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။

ဖြေ၊ ခက်ခဲလိမ့်မယ်လို့တော့ ကျွန်တော် မျှော်လင့်ထားပါတယ်။ တချို့ ဝန်ထမ်းတွေကလည်း အရင် အလေ့အကျင့်အရ နည်းနည်းလေးနေတာတွေ ရှိပါလိမ့်မယ်။ ပြည်သူလူထုဘက်ကလည်း နားလည်မှု မရှိသေးပဲနဲ့ ပူးပေါင်းပါဝင်မှု အားနည်းတာ ရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ စည်းရုံးပြီး လုပ်ဆောင်နိုင်ရင်တော့ အခက်အခဲမရှိပဲ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

မေး၊ မြို့တော်စည်ပင်မှာရော ဘာတာဝန်ယူရမယ်ဆိုတာ တိတိကျကျသိရပြီလား။

ဖြေ၊ တရားဝင်ဆုံတွေ့တာတွေ မလုပ်ရသေးတဲ့အတွက် အဲဒါကိုတော့ မသိသေးပါဘူး။

မေး၊ တာဝန်စထမ်းဆောင်ရပြီဆိုရင် ပထမဆုံး မန္တလေးမှာ လုပ်သင့်တဲ့ အရေးအကြီးဆုံး ကိစ္စက ဘာဖြစ်လို့ ထင်ပါသလဲ။

ဖြေ၊ ပွင့်လင်းမြင်သာမှုပါပဲ။ စည်ပင်နဲ့ လာပြီး ဆက်ဆံရတဲ့ ပြည်သူလူထုအနေနဲ့ သူတို့လုပ်ငန်းတွေ လွယ်ကူအောင် ချောမွေ့အောင်လုပ်ပေးဖို့၊ ထစ်ထားတာ၊ ညစ်ထားတာတွေ မရှိအောင် အဲဒီက စလုပ်သင့်တယ်လို့ မြင်ပါတယ်။