မလေးရှားမှာ မြန်မာ လုပ်သားတွေ အတိုက်ခိုက် ခံရလို့ ၅ ယောက် သေဆုံး

  • 6 ဇန်နဝါရီ 2017
Image caption ဓားကိုင် လူစုရဲ့ တိုက်ခိုက်တာ ခံရ။

မလေးရှား နိုင်ငံ မှာ အလုပ်လုပ်ကိုင် နေတဲ့ မြန်မာ အလုပ်သမားတွေ ဇန်နဝါရီလ ၅ ရက် ကြာသပတေး နေ့တုန်းက အစုလိုက် အပြုံလိုက် အတိုက်ခိုက် ခံခဲ့ရတဲ့ အတွက်ကြောင့် ၄ ယောက် ပွဲချင်းပြီး သေဆုံး ခဲ့ပြီး၊ နောက်တစ်ရက် သောကြာ နေ့မှာလည်း နောက်တစ်ယောက် ထပ်မံ သေဆုံး သွားပါတယ်။

ကွာလာလမ်ပူ မြို့တော် အနီး ဆီလန်ဂို အရပ်က ဆရီ ဆာဒန် စက်မှုဇုန် ထဲက စက်ရုံ တစ်ရုံ မှာ အလုပ် လုပ်ကိုင်တဲ့ မြန်မာ စက်ရုံ လုပ်သား ၁၅ ယောက် ည ၁ဝ ဝန်းကျင် အဆောင်ကို ပြန်တုန်း လူ ၈ ယောက် လောက်က ဓားတွေနဲ့ ဝိုင်းဝန်း တိုက်ခိုက်တာ ခံခဲ့ရတာ ဖြစ်တယ်လို့ ကွာလာလမ်ပူ မြန်မာသံရုံးက အလုပ်သမားရေးရာ တာ၀န်ခံ ဦးတင်အောင်မိုးက ဘီဘီစီ ကို ပြောပါတယ်။

တိုက်ခိုက်သူ တွေဟာ ဘယ်သူ ဘယ်ဝါ တွေမှန်း မသိရ သေးသလို၊ ဘာ့ကြောင့် တိုက်ခိုက် ခဲ့တာလဲ ဆိုတဲ့ ရည်ရွယ်ချက် အကြောင်းခံ ကိုလည်း မသိရ သေးပါဘူး။

ဒီ ဖြစ်ရပ်ကို စုံစမ်း စစ်ဆေးရာမှာ အထောက်အကူ ဖြစ်စေဖို့ မြန်မာ ၇ ယောက်ကို မလေးရှား ရဲ ထိန်းသိမ်း ထားတယ်လို့ ဆာဒန် ရဲ တပ်ဖွဲ့ ယာယီ အကြီးအကဲ လီဝေလျောင်းကို ကိုးကားပြီး မလေးမေးလ် သတင်းစာက ရေးသား ထားပါတယ်။

သေဆုံးသူ တွေကို ဘယ်သူတွေလည်း ဆိုတာ နာမည်နဲ့ တကွ တရားဝင် အတည်ပြု နိုင်ဖို့ သံရုံးဘက်က ကြိုးစား နေပြီး ရင်ခွဲရုံမှာ သွားရောက် စောင့်ဆိုင်း နေတယ်လို့ မြန်မာ သံရုံး ဘက်က ဆိုပါတယ်။

တရားဝင် အတည်ပြု နိုင်ပြီ ဆိုရင်တော့ မြန်မာပြည်က မိသားစု ဆွေမျိုးတွေကို အကြောင်းကြား ပြီး၊ ရုပ် အလောင်း တွေကို မြန်မာပြည်ကို ပြန် လည် သယ်ဆောင် သင်္ဂြိုဟ် ချင်ရင်လည်း တာဝန်ယူ ဆောင်ရွက် ပေးမယ်လို့ ဦးတင်အောင်မိုးက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ