ရှမ်းမြောက်က ဒုက္ခသည် တွေ အရေးပေါ် အကူအညီ လိုနေ

  • 6 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP/ GETTY IMAGES
Image caption တိုက်ပွဲတွေကြောင့် နိုဝင်ဘာ လကုန်က တရုတ်နိုင်ငံဘက် ထွက်ပြေးပြီး ဖြစ်သလို နေရတဲ့ ဒုက္ခသည် တစ်ယောက်

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် နဲ့ ကွတ်ခိုင် မြို့နယ် တွေထဲက တပ်မတော်နဲ့ ရဲစခန်းတွေကို နိုဝင်ဘာလ ၂၀ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့ ပြီးနောက် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲ တွေကြောင့် ဒုက္ခသည်တွေ အဖြစ် ထွက်ပြေး ခဲ့ကြရသူတွေ အခုလို ဆောင်းရာသီမှာ အကူအညီတွေ ပိုမို လိုအပ် နေတယ်လို့ သူတို့ကို ကူညီသူတွေက ပြောကြပါတယ်။

ဒီကြားထဲမှာ လွတ်လပ်ရေးနေ့ ညက မိုးသီးမုန်တိုင်းဒဏ်ကြောင့် တရုတ်မြန်မာ နယ်စပ် ကျူကုတ် ပန်ဆိုင်း အနီး ဖိုင်ကောင်း ဒုက္ခသည် စခန်း ပျက်စီးသွားပါတယ်။

ဒုက္ခသည် စခန်းဟာ မူဆယ် မြို့နယ် ပန်ဆိုင်းနဲ့ မုံးကိုး ကြားမှာ ရှိပြီး အခိုင်အမာ တည်ဆောက် ထားတဲ့ စခန်း မျိုး မဟုတ်ဘဲ ဖြစ်သလို ဆောက်ထားတဲ့ ယာယီ တဲတွေသာ ဖြစ်တယ်လို့ အဲဒီက ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကွတ်ခိုင်က ဒေသခံ ကိုဟောင်းဒေါင်က ပြောပါတယ်။

ဖိုင်ကောင်း ရွာမှာ တိုက်ပွဲတွေ ဖြစ်တဲ့ အတွက် အဲဒီက ရွာသားတွေက တရုတ်နိုင်ငံနယ်စပ်နဲ့ နီးတဲ့ လယ်ကွင်းထဲမှာ ဒုက္ခသည် စခန်း အဖြစ် သွားရောက် နေထိုင်ကြတာ ဖြစ်ပါတယ်။

မိုးသီးတွေကြွေလို့ ပျက်စီး သွားတဲ့ အမိုး အကာတွေကို ပြန်လည် ပြုပြင်ပြီး ပဲ နေကြရတယ်လို့ ကိုဟောင်းဒေါင်က ပြောပါတယ်။

အခုလောလောဆယ် လု့ခြုံတဲ့ အမိုးအကာ၊ နွေးထွေးတဲ့ အဝတ်အစားနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

သူတို့ နေရပ်ရင်းမှာ တိုက်ပွဲတွေ ဖြစ်နေတာ မရှိပေမဲ့ ရွာတွေနဲ့ နီးစပ်တဲ့ နေရာမှာ နှစ်ဘက် တပ်တွေ နေရာယူ ထားတာ ရှိပြီး တပ်မတော် ဘက်လည်း ရွာတွေထဲမှာ နေရာယူထားတဲ့ အတွက် ရွာကို ပြန်သွား နေဖို့ စိုးရိမ်နေကြတယ်လို့ ကိုဟောင်းဒေါင်က ပြောပါတယ်။

ကွတ်ခိုင်ဝန်းကျင်က ကျေးရွာ သုံးရွာက လူတွေကို တပ်မတော် ဘက်က ဖယ်ရှားခိုင်း ထားတယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ