အိန္ဒိယ မြန်မာ နယ်စပ် စည်းရိုး ဆောက်လုပ်မှုကို ဒေသခံတွေကန့်ကွက်

  • 6 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် NAGA LAND
Image caption ပန်ရှား ဆိုတဲ့ နာဂ ရွာမှာ အိန္ဒိယ တပ်မတော် နဲ့ မြန်မာ့ တပ်မတော် တို့ ပူးပေါင်းပြီး နယ်စပ် ခြံစည်းရိုး ဆောက်ဖို့ စီစဉ်

အိန္ဒိယ- မြန်မာ နယ်စပ်စည်းရိုး တည်ဆောက်ရန်ဆောင်ရွက်မှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဒေသတွင်းအခြေစိုက်တဲ့ လူမှု အဖွဲ့အစည်းတွေက သဘောထား ထုတ်ပြန်ပါတယ်။

အိန္ဒိယမြန်မာနယ်စပ်မှာ နာဂ၊ ချင်း၊ ကူးကီး၊ ကချင်၊ တို့ နယ်နိမိတ် ဆက်ကြား ကူးလူး ဆက်ဆံနေထိုက်ကြပြီးအခုလိုဒေသခံတွေကိုမတိုင်ပင်ပဲဆောင်ရွက်ရင် ဒေသ ငြိမ်းချမ်းရေး နဲ့ လူမှုစီးပွားဘဝကိုထိခိုက်နိုင်ကြောင်း ဒေသခံတို့ရဲ့ အခွင့်အရေး ကို ချိုးဖော က်ရာရောက်ကြောင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာ နဲ့ အိန္ဒိယ နိုင်ငံ အကြားမှာ ခြံစည်းရိုး ဆောက်ဖို့ ဆိုတဲ့ ကိစ္စက လွန်ခဲ့တဲ့ ၅ နှစ်ခန့် အချိန်မှာ ကတည်းက အိန္ဒိယ အစိုးရ ဘက်က အဆိုပြု နေတာ ဖြစ်ပါတယ်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ရဲ့ အိန္ဒိယ ခရီးစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ အိန္ဒိယ ခရီးစဉ် ပြီးနောက်မှာ နှစ်နိုင်ငံ နယ်စပ် ကြား မှာ ခြံစည်းရိုး ဆောက်ဖို့ ကိစ္စတွေ အကောင်အထည် ဖော်လာတာလည်း ဖြစ်ပါတယ်။

နာဂ လက်နက်ကိုင် အဖွဲ့အစည်း တွေ နယ်စပ် တလျှောက်မှာ အခြေမစိုက် နိုင်ရေး အတွက် အိန္ဒိယ ဘက်ကလည်း မြန်မာကို အမြဲလိုလို ဖိအားပေးလေ့ ရှိပါတယ်။

ပန်ရှား ဆိုတဲ့ နာဂ ရွာမှာ အိန္ဒိယ တပ်မတော် နဲ့ မြန်မာ့ တပ်မတော် တို့ ပူးပေါင်းပြီး နယ်စပ် ခြံစည်းရိုး ဆောက်ဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။

နယ်စပ် ခြံစည်းရိုး တည်ဆောက်မှု ကို မြန်မာဘက် ခြမ်းက နာဂ ဆိုရှစ်လစ် ကောင်စီ နဲ့ အိန္ဒိယ ဘက်ခြမ်း က နာဂ အဖွဲ့အစည်း တွေက ကန့်ကွက် နေကြပါတယ်။

မြန်မာနဲ့ အိန္ဒိယ နယ်နမိတ် ထိစပ်မှု က မိုင်ပေါင်း တစ်ထောင် ကျော်ရှိပါတယ်။ အဲဒီ အထဲမှာ မှ ဘယ်အတိုင်းအတာထိ နုယ်စပ် စည်းရိုး တည်ဆောက် မလဲ ဆိုတာကိုတော့ နှစ်နိုင်ငံ လုံး က သတင်း ထုတ်ပြန်ခြင်း မရှိပါဘူး။

နှစ်နိုင်ငံ စလုံး ရဲ့ နယ်နမိတ် ထဲမှာနာဂ လူမျိုး တွေ နေထိုင် ကြပြီး နယ်စပ် စည်းရိုး က တချို့ရွာတွေကို အလယ်တည့်တည့် ကနေ ဖြတ်ပြီး တည်ဆောက်မှာ ဖြစ်တဲ့ အတွက် လူမှု စီးပွား ဘဝတွေ ထိခိုက် နိုင်တာကြောင့် ကန့်ကွက် တာလို့ လူမှုရေး အဖွဲ့အစည်းတွေက ပြောပါတယ်။

နယ်စပ် စည်းရိုးကြောင့် နာဂ လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ပဋိပက္ခတွေ ပိုမို များလာပြီး ဒေသ တည်ငြိမ်ရေး ကို ထိခိုက် လာနိုင်ကြောင်း နာဂ ဒေသ လူမှုရေး အဖွဲ့အစည်းတွေက ပြောကြားနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ