ရခိုင်စုံစမ်းရေးကော်မရှင် မောင်တောကို ဒုတိယအကြိမ် ကွင်းဆင်း

  • 7 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် NYIEN CHAN NAING
Image caption လူ့အသိုင်းအဝိုင်း ၂ ခုကြား ကြောက်ရွံ့ စိုးရိမ်မှုတွေ ရှိနေဆဲ

မနှစ် အောက်တိုဘာ၊ နိုဝင်ဘာ လတွေက ဖြစ်ပွားခဲ့တဲ့ မောင်တော အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဒုတိယ သမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင် က ဒုတိယ အကြိမ် ကွင်းဆင်း စစ်ဆေးနေပါတယ်။

ဒေသတွင်းက လူ့အသိုင်းအဝိုင်း ၂ ခုကြား ကြောက်ရွံ့ စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်ကြောင်း၊ ဒါပေမဲ့ ကျေးရွာသားတွေက သူတို့ နိုင်ငံသား ဖြစ်မှုနဲ့ စီးပွားရေး အခြေအနေ ခံစားမှု တွေနဲ့ ပတ်သက်ပြီး စုံစမ်းရေး အဖွဲ့တွေကို ပွင့်ပွင့်လင်းလင်း တင်ပြ တောင်းဆိုမှုတွေ တွေ့ရတယ်လို့ ဒီခရီးမှာ လိုက်ပါသွားခဲ့တဲ့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေက ပြောပါတယ်။

ဆင်းရဲနွမ်းပါးမှုတွေက သိသာပေမယ့် ရေလုပ်ငန်းနဲ့ လယ်ယာ လုပ်ငန်းတွေကြောင့် ငတ်မွတ် ခေါင်းပါးတဲ့ထိ မဖြစ်ကြောင်း မွတ်ဆလင် ရွာသားတွေ ဘက်က ပြောဆိုတယ်လို့လည်း သိရပါတယ်။

သူပုန်တွေနဲ့ ရောထွေး မှာ စိုးတဲ့အတွက် ဒီလုပ်ငန်းတွေကို ထွက်ပြီး မလုပ်နိုင်တဲ့ အခက်အခဲသာ ရှိကြောင်းလည်း ရွာခံတွေက သူတို့ကို တင်ပြတယ်လို့ ဆိုပါတယ်။

ဒါကို အာဏာပိုင် လုံခြုံရေး အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေးခဲ့ကြောင်း ဦးဇော်မြင့်ဖေက ပြောပါတယ်။

ရွာသားတွေ ဘက်မှာလည်း လုံခြုံရေး အဖွဲ့တွေကိုသာမက အကြမ်းဖက် အဖွဲ့တွေကိုပါ ကြောက်ရွံ့နေရတယ်၊ လုံခြုံရေး အရ အထောက်အပံ့ ပေးလို့မရတဲ့ ရွာတွေ မောင်တော မြောက်ပိုင်းမှာ ရှိနေသေးတယ်လို့လည်း သူက ဆိုပါတယ်။

တပ်က လုံခြုံရေး လုပ်ပေးလာရင် ဒီရက်ပိုင်း အတွင်း အေးချမ်း လာနိုင်တယ် လို့လည်း ဆိုပါတယ်။

စုံစမ်းရေး ကော်မရှင် အနေနဲ့ ဒီပြဿနာတွေကို ဆုံးဖြတ်ပေးဖို့ မဟုတ်ဘဲ ပြည်နယ် အစိုးရ အပါအဝင် ဒေသခံ အသိုင်းအဝိုင်း တွေနဲ့ တွေ့ဆုံပြီး သူတို့ အမြင်တွေနဲ့ အခက်အခဲ စိန်ခေါ်မှုတွေ ကို ရင်းရင်းနှီးနှီး တွေ့ဆုံ မေးမြန်းတာသာ ဖြစ်တယ်လို့လည်း ဦးဇော်မြင့်ဖေက ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ