မထသ ဖျက်သိမ်းပြီး ကားလိုင်းသစ်တွေ ပြေးဆွဲမယ်

  • 7 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Yangon Transport Service
Image caption ကိုယ်ရကိုယ်ယူ စနစ် ကနေ အများပိုင် စနစ် ကို စတင် ပြောင်းလဲ

ရန်ကုန်မှာ လာမယ့် ဇန်နဝါရီလ ၁၆ ရက်ကစပြီး မထသ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီကို ဖျက်သိမ်းပြီး ရန်ကုန်တိုင်း သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့က ဘတ်စ်ကားလိုင်း ၅၈ လိုင်းနဲ့ အစားထိုး ပြေးဆွဲ သွားဖို့ ပြင်ဆင် နေပါတယ်။

အရင်ကားလိုင်း စနစ် က တစ်ဦးချင်း ပိုင်ဆိုင်တဲ့ အတွက် ကိုယ်ရကိုယ်ယူ စနစ် ကနေ အများပိုင် စနစ် ကို စတင် ပြောင်းလဲ တာ ဖြစ်တယ်လို့ ရန်ကုန် သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင် အောင် က ပြောပါတယ်။

အရင်စနစ် က ယာဉ်ပိုင်ရှင်တွေ နဲ့ ဝန်ထမ်း တွေကို ထိန်းသိမ်း ရ ခက်ခဲ တဲ့ အတွက် အခုလ ၁၆ ရက်နေ့က စပြီး စနစ်သစ် နဲ့ ကိုင်တွယ် သွားမယ်လို့ သူက ဆိုပါတယ်။

ယာဉ်မောင်း နဲ့ ယာဉ် အကူတွေ ကို လစာပေး စနစ် နဲ့ တဖြည်းဖြည်းချင်း ပြောင်းလဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခု ပြောင်းလဲ မယ့် မော်တော်ကား လိုင်းတွေ မှာ ယာဉ် အကူတွေကို ဆက်ထားရှိသွားမှာပါ။

ယခင် မထသ ဝန်ထမ်းတွေ အနေနဲ့ သူတို့ ဆန္ဒ ရှိမယ်ဆိုရင် ကုမ္ပဏီတွေကို ကူးပြောင်း အလုပ်လုပ်တာမျိုး ရန်ကုန် သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အဖွဲ့ ရဲ့ လက်အောက်မှာ ကူးပြောင်း တာဝန် ထမ်းဆောင် တာမျိုးကိုလည်း ခွင့်ပြုမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာ ပြေးဆွဲမယ့် ကားအရေအတွက် အလုံအလောက် ရဖို့ ကြိုးစား စီစဉ် နေဆဲ ဖြစ်ပါတယ်။ ကားအသစ် တွေ ပါရှိသလို လက်ရှိ ပြေးဆွဲ နေတဲ့ ကားတွေကိုလည်း ပြန်လည် အသုံးချသွားမယ်လို့ ဒေါက်တာ မောင်အောင် က ပြောပါတယ်။

ရန်ကုန် တစ်မြို့လုံးကို ယာဉ်လိုင်း ၅၈ လိုင်းနဲ့ ပြေးဆွဲဖို့ စီစဉ် ထားပြီး ယာဉ်လိုင်း တွေကို ထပ်မံ တိုးချဲ့မှု လုပ်မယ်လို့လည်း သိရပါတယ်။

လက်ရှိ ပြေးဆွဲ နေတဲ့ BRT စနစ် မော်တော်ယာဉ် လိုင်းကိုလည်း ရန်ကုန် ပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင် အဖွဲ့ လက်အောက်ကို ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။

အများပိုင် မော်တော်ယာဉ်လိုင်းမှာ ပြေးဆွဲဖို့ လာရောက် လျှောက်ထား တဲ့ ကုမ္ပဏီ ၂၀ လောက်ရှိပြီး အဲဒီ အထဲမှာ နောက်ထပ် ကုမ္ပဏီကြီး ၈ ခု ကို အဆိုပြု တင်ပြ ခိုင်းထားပါတယ်။ မူလ မော်တော်ယာဉ် လိုင်းတွေကိုလည်း ဦးစားပေး အစီအစဉ်မှာ ထည့်သွင်း ထားတယ်လို့ ဒေါက်တာ မောင်အောင် က ပြောပါတယ်။

ကားရပ်နား ဖို့ နေရာ၊ လုပ်ငန်း နဲ့ ရင်းနှီး ကျွမ်းဝင် ပြီးသား ဖြစ်တာကြောင့် မူလ မော်တော်ယာဉ် လိုင်း က လူတွေကို လုပ်ငန်း ပြန်ပေးဖို့ များတယ်လို့ သိရပါတယ်။

ရန်ကုန် မြို့မှာ စတင် ပြေးဆွဲမယ့် ဘတ်စ် ကားတွေကို ငါးမိနစ် တစ်စီး ဒါမှ မဟုတ် သုံးမိနစ် တစ်စီး ဂိတ်တွေ ကနေ ထွက်ခွာ လို့ ရအောင် စီစဉ် ထားတယ်လို့ သိရပါတယ်။

ယာဉ်မောင်းသူ နဲ့ ယာဉ် အကူ နဲ့ ခရီးသည်တွေ ပြောဆို ဆက်ဆံမှု အဆင်ပြေစေ ဖို့ ကားမောင်းသူ ဝန်ထမ်း တွေကို ကိုယ်ရ ကိုယ်ယူ အစား လခ ပေးတဲ့ စနစ် ကို ပြောင်းလဲ ကျင့်သုံး မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ