ပန်ဒါ အထည်ချုပ်စက်ရုံသပိတ် ဆွေးနွေးမှုပျက်

  • 8 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AP
Image caption တောင်းဆိုချက် အားလုံးနီးပါးကို အလုပ်ရှင်နဲ့ သဘောတူညီမှု ရခဲ့ပေမယ့် နောက်ဆုံး လက်မှတ်ထိုးတဲ့အချိန်မှာ UMFCCI နဲ့ ခုံသမာဓိ ကောင်စီက သပိတ်မှောက် အလုပ်သမား ပြန်ခန့်တာကို ကန့်ကွက်တယ်လို့ အကြောင်းပြပြီး အလုပ်ရှင်က ပြန်ဖျက်ခဲ့

မန္တလေးတိုင်း ပလိပ်မြို့မှာ ရှိတဲ့ ပန်ဒါချည်မျှင်နဲ့ အထည်ချုပ်စက်ရုံက အလုပ်သမားတွေ သပိတ်မှောက်မှုမှာ အလုပ်ရှင်နဲ့ ညှိနှိုင်းမှု ပျက်သွားခဲ့တယ်လို့ ဒီညှိနှိုင်းမှုမှာ ပါဝင်ခဲ့တဲ့ အခြေခံ အလုပ်သမား အဖွဲ့အစည်း အတွင်းရေးမှူး မဇာခြည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒီစက်ရုံက အလုပ်သမားတွေရဲ့ ၇ လ ကျော် ကြာမြင့်တဲ့ သပိတ်မှောက်မှုမှာ မန္တလေးတိုင်းအစိုးရက အလုပ်ရှင် အလုပ်သမား ညှိနှိုင်းရေး ကော်မတီဖွဲ့ပြီး ၂ လ နီးပါး ကြာအောင် ညှိနှိုင်းပေးခဲ့ပြီး တလခွဲလောက်မှာ သဘောတူမှုရခဲ့ပေမယ့် နောက်ဆုံး လက်မှတ်ထိုးတဲ့အချိန်မှာ ပြန်ပျက်သွားခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားတွေဘက်က တောင်းဆိုထားတဲ့ ၂၈ ချက်ထဲက အားလုံးနီးပါးကို အလုပ်ရှင်နဲ့ သဘောတူညီမှု ရခဲ့ပေမယ့် နောက်ဆုံး လက်မှတ်ထိုးတဲ့အချိန်မှာ UMFCCI နဲ့ ခုံသမာဓိ ကောင်စီက သပိတ်မှောက် အလုပ်သမား ပြန်ခန့်တာကို ကန့်ကွက်တယ်လို့ အကြောင်းပြပြီး သဘောတူထားတာတွေကို ပြန်ဖျက်ခဲ့တယ်လို့ မဇာခြည်ဝင်းက ပြောပါတယ်။

ဒီလို အကြောင်းပြခဲ့ပေမယ့် အလုပ်သမားတွေ တောင်းဆိုထားတဲ့ အဓိကအချက်တွေ ဖြစ်တဲ့ အလုပ်ချိန်၊ အဆောင်နဲ့ လစာကိစ္စ အချက်တွေကိုလည်း အလုပ်ရှင်က ပြန်ပြင်ချင်တဲ့အတွက် နောက်ဆုံး သဘောတူညီမှု ပျက်ပြယ်ခဲ့တာလို့လည်း မဇာခြည်ဝင်းက ရှင်းပြပါတယ်။

အခုလို သဘောတူညီမှု ပျက်ခဲ့ရတဲ့အတွက် ဒီစက်ရုံက လွှဲပြောင်းခံ နိုင်ငံ့ဝန်ထမ်းဟောင်းတွေ ဖြစ်တဲ့ ဒီအလုပ်သမားတွေရဲ့ မိသားစုဝင်တွေပါ အခက်အခဲမျိုးစုံ ကြုံနေရတယ်လို့ သိရပါတယ်။

ညှိနှိုင်းရေး ကော်မတီအနေနဲ့ ဒီကိစ္စကို တိုင်းဒေသကြီး အစိုးရ အဆင့်ကနေ ပြည်ထောင်စု အစိုးရအဆင့် အဆင့်ဆင့် တင်ပြပေးသွားမှာ ဖြစ်ပြီး အလုပ်သမားတွေဘက်ကလည်း မရမချင်း ဆက်လက် တောင်းဆိုသွားမယ်လို့ မဇာခြည်ဝင်းက ပြောပါတယ်။

ဒီစက်ရုံ သပိတ်မှောက်မှုကို အလုပ်သမား ၆၅၄ ယောက်နဲ့ စတင်ခဲ့တာဖြစ်ပြီး အဲဒီထဲက ၂၀ ကျော်ပဲ အလုပ်ပြန်ဆင်းနေပြီး ကျန်တဲ့ အလုပ်သမားတွေကတော့ သပိတ်ဆက်လက် ဆင်နွှဲနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ