မွတ်ဆလင် ဘာသာရေး အခမ်းအနား အနှောင့်အယှက် ခံရ

  • 8 ဇန်နဝါရီ 2017
Image caption မလေးရှားက သတိပေး ထားလို့ ရန်ကုန်မှာ လုံခြုံရေး တင်းကြပ်နေ

ရန်ကုန် မြို့မှာ ဇန်နဝါရီ ၈ ရက်နေ့ မနေ့က ပြုလုပ်တဲ့ မွတ်ဆလင်မ် တို့ရဲ့ ဘာသာရေး အခမ်းအနား တစ်ခု ကို သဘောထား တင်းမာတဲ့ အမျိုးသားရေး သမား တချို့ ပိတ်ပင် ဟန့်တားတာ တွေ ပြုလုပ် ခဲ့ကြပါတယ်။

ရန်ကုန် မြို့လယ်ခေါင်က YMCA ခန်းမမှာ ပြုလုပ်တဲ့ မဟာတမန်တော်နေ့ အခမ်းအနားကို နှောင့်ယှက် ဖို့ရာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ လူတစု စုဝေး ချီတက် လာခဲ့ ကြတာ ဖြစ်ပါတယ်။

လူ တချို့ ခန်းမထဲထိ ဝင်ရောက်ပြီး ပွဲကို ရပ်ဖို့ တောင်းဆိုမှု တွေ ပြုလုပ် ခဲ့ကြတဲ့ အတွက် မူလက ၄ နာရီကြာ ကျင်းပဖို့ စီစဉ် ထားတဲ့ အခမ်းအနားကို နာရီဝက်နဲ့ အကျဉ်းချုံး လုပ်ခဲ့ရတယ်လို့ မွတ်ဆလင် အသိုင်းအဝိုင်းက ပြောပါတယ်။

ရဲတွေ အခင်းဖြစ်ရာ ဆီ ရောက်လာပေမယ့် အရေးယူ ဆောင်ရွက်မှု တစုံတရာ မပြု လုပ် ခဲ့ကြဘူးလို့ ဆိုပါတယ်။

မြန်မာ နိုင်ငံမှာ မွတ်ဆလင် ဆန့်ကျင် ရေး အမြင်တွေ ကြီးထွား လာနေပြီး၊ ပလီ ဝတ်ကျောင်းတော် တွေ အဖျက် ခံရတာမျိုး၊ အခုလို ဘာသာရေး အခမ်းအနားတွေ လာရောက် နှောင့်ယှဉ် ခံရတာမျိုး တွေ အခု နှစ်ပိုင်း တွေ အတွင်း အတွေ့ များလာ ရပါတယ်။

ရခိုင် ပြည်နယ်ကို ကြည့်ရင်လည်း လတ်တလော လုပ်ဆောင် ခဲ့တဲ့ အစိုးရ စစ်တပ်ရဲ့ စစ်ရေး ဆောင်ရွက်ချက် တွေကြောင့် မွတ်ဆလင် တွေ ဖြစ်တဲ့ ရိုဟင်ဂျာ မျိုးနွယ်စု ဝင် တွေ ၅ သောင်း လောက် မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေး ခဲ့ကြ ရပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာ တွေ အပေါ် အစိုးရ စစ်သားတွေ က ကြံရွယ်ချက် ရှိရှိ စနစ်တကျ ပြုမူ ကျူးလွန်တဲ့ အဓမ္မ ပြုကျင့်မှု၊ နှိပ်စက် ညှင်းပမ်းမှုနဲ့ သတ်ဖြတ်မှုတွေ ခံခဲ့ ကြရတယ် ဆိုပြီး ထွက်ဆို ကြသူ အများအပြား ရှိနေပါတယ်။

ရိုဟင်ဂျာ တွေ ကျုးလွန် ခံနေရတာ တွေကြောင့် အစ္စလာမစ် နိုင်ငံ အဖွဲ့ IS အပေါ် တိမ်းညွတ် သူတွေရဲ့ အန္တရာယ် ကြုံ လာရ နိုင်တယ် ဆိုပြီး မလေးရှား အကြမ်းဖက် တိုက်ဖျက်ရေး ရဲ တပ်ဖွဲ့က မြန်မာ အာဏာပိုင် တွေကို လောလော လတ်လတ် မှာပဲ သတိပေး ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ