အငယ်ဆုံးတိုင်းမှူး စစ်ဦးစီးအရာရှိချုပ်ဖြစ်လာ

  • 9 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Office of the Commander-in-Chief
Image caption ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ဓာတ်ပုံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖေ့်ဘုတ်မှ)

လက်ရှိတိုင်းမှူးတွေထဲက အသက်အငယ်ဆုံးတိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်မိုးမြင့်ထွန်းကို ဒုတိယဗိုလ်ချုပ်ကြီးရာထူးနဲ့ စစ်ဦးစီးအရှိချုပ် (ကြည်း) တာဝန်ကို ခန့်အပ်လိုက်ပါတယ်။

စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၃၀ ကျောင်းဆင်း တစ်ဦးဖြစ်ပြီး အသက် ၄၈ နှစ်သာ ရှိပါသေးတယ်။ ၂၀၁၅ ခုနှစ်က မှ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်လာတာပါ။

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဟာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ကိုယ်ရေးအရာရှိနဲ့ စစ်ဦးစီးဗိုလ် မှူး ချုပ် တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးပါတယ်။

အခုလိုငယ်ရွယ်တဲ့ အရာရှိ တစ်ယောက်ကို စစ်ဦးစီးအရာရှိချုပ် (ကြည်း)တာဝန် ပေးလိုက်တာနဲ့ပတ်သက်လို့ မြန်မာ့တပ်မတော်မှာ ဗိုလ်မှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဦးစိုးဌေးကတော့ တပ်မတော်ကို အမြဲနုပျို နေအောင် လုပ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အခုလို ငယ်ရွယ်ပြီး အရည်အချင်းရှိသူ အရာရှိတွေကို ထိပ်တန်း ရာထူးနေရာတွေမှာ ပေးပြီး အသက်ကြီးပြီး အတွေ့အကြုံရင့်ကျက်တဲ့ အရာရှိကြီးတွေနဲ့ အတူတွဲ တာဝန် ထမ်းဆောင်စေတာ ဖြစ်ကြောင်း သုံးသပ်ပါတယ်။

မြန်မာတပ်မတော် အကြောင်း လေ့လာသူအချို့ကတော့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဟာ အနာဂတ် မြန်မာတပ်မတော်ရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

စစ်ဦးစီးအရာရှိချုပ်( ကြည်း ) တာဝန်ကိုတော့ NLD အစိုးရလက်ထက်မှာ ပြည်ထဲရေးဝန်ကြီးဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက တာဝန်ယူခဲ့ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ မတိုင်ခင်ကတော့ လက်ရှိ ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးက တာဝန်ယူခဲ့ပါတယ်။

မြန်မာတပ်မတော်မှာ စစ်ဦးစီးအရာရှိချုပ်တာဝန်ဟာ ရုံးလုပ်ငန်းကို အဓိက လုပ်ရတာဖြစ်ပြီး အဆုံးအဖြတ်ပေးရတဲ့ လုပ်ငန်းမျိုး နည်းပါးကြောင်း၊ သူ့အထက်မှာလည်း ကစထမှူးလို့ ခေါ်တဲ့ အထူးစစ်ဆင်ရေးအဖွဲ့မှူးတွေ ရှိနေသေးကြောင်း၊ အခု ခန့်အပ်မှုနဲ့ပတ်သက်လို့လည်း လူငယ်ဖြစ်တဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်ရဲ့ စေခိုင်းချက်ကို သွက်သွက်လက်လက် လုပ်နိုင်မှာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဟောင်း ဦးစိုးဌေးက ပြောပြပါတယ်။

နေပြည်တော် တိုင်းမှူးရာထူးကိုတော့ စစ်တက္ကသိုလ် အပတ်စဉ် ၂၇ ဆင်း၊ စစ်တက္ကသိုလ်ကျောင်းအုပ် ဗိုလ်ချုပ်မြင့်မော်ကို ခန့်အပ်လိုက်တယ်လို့ သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ