ရခိုင်ပြည်နယ်ကို ယန်ဟီးလီ ၁၃ ရက်နေ့ ရောက်မယ်

  • 9 ဇန်နဝါရီ 2017
Image caption အရပ်သား တွေကိုပါ ပစ်မှတ် ထားနေတယ် ဆိုတဲ့ နိုင်ငံတကာရဲ့ ဝေဖန်သံ တွေ ဆက်လက် ရှိနေ

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းဖို့ ကုလသမဂ္ဂက စေလွှတ်တဲ့ အထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီ ရခိုင် ပြည်နယ်ကို လာရောက်တဲ့ အခါ သူ သွားလိုတဲ့ နေရာ တွေကို အတတ်နိုင်ဆုံး လိုက်ပို့ နိုင်ဖို့ ကြိုးစား မှာ ဖြစ်ပေမယ့်၊ အကုန်လုံးကို တော့ အာမ မခံ နိုင်ဘူး ဆိုပြီး ပြည်နယ် ထိပ်တန်း အရာရှိ တစ်ယောက်က ပြောပါတယ်။

မောင်တော ဒေသထဲ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ပစ်မှတ် ထားပြီး အစိုးရ စစ်တပ်ဘက်က ကျုးလွန်မှု တွေ ရှိ ခဲ့တယ် ဆိုတဲ့ နိုင်ငံတကာ စွပ်စွဲမှု တွေကို ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှုး ဦးတင်မောင်ဆွေက ထပ်မံ ပယ်ချ ခဲ့ပြီး ဒါဟာ ဆန့်ကျင်ဘက် အဖွဲ့အစည်း တွေရဲ့ ဝါဒ ဖြန့်ချီရေး သက်သက် ဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင် ရာမှာ ဖမ်းဆီး ရရှိ မိတဲ့သူတွေ ကို ဂျနီဗာ ကွန်ဗင်းရှင်း နဲ့ အညီ လုပ် ဆောင် နေတယ်လို့ ဦးတင်မောင်ဆွေက ပြောပေမယ့် မွတ်ဆလင် အရပ်သားတွေ အပေါ် တပ်ဖွဲ့ဝင် တချို့ရဲ့ ဥပဒေနဲ့ မညီ ပြုမူ ပုံ တွေ ရှိခဲ့တဲ့ အချက် အပေါ်မှာတော့ ဦးတင်မောင်ဆွေက ဝန်ခံ ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်က မြန်မာ နယ်ခြားစောင့် ကင်းစခန်းတွေ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ တုန်းက တိုက်ခိုက် ခံခဲ့ရ ပြီးတဲ့နောက် တုံ့ပြန် ဆောင်ရွက် လာတဲ့ စစ်ရေး ဆောင်ရွက်ချက် တွေဟာ မွတ်ဆလင် အရပ်သား တွေကိုပါ ပစ်မှတ် ထားနေတယ် ဆိုတဲ့ နိုင်ငံတကာရဲ့ ဝေဖန်သံ တွေ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

ဒီ အခြေအနေမှာ ကုလသမဂ္ဂ လူ့ အခွင့်အရေး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ မြန်မာ နိုင်ငံကို ရောက်ရှိ လာတာ ဖြစ်ပြီး ရခိုင် ပြည်နယ်ကို ဇန်နဝါရီ ၁၃ ရက်နေ့မှာ သွားဖို့ စီစဉ် ထားပါတယ်။

ဘူးသီးတောင်၊ မောင်တော ဒေသတွေထဲ ထိ မစ္စလီ သွားရောက်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးက အစောပိုင်း ကတည်းက သတင်း ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ