ပြန်ကြားရေး အင်တာနက် စာမျက်နှာ တိုက်ခိုက်ခံရ

  • 10 ဇန်နဝါရီ 2017
Image caption ပြန်ကြားရေး သတင်းစာမျက်နှာ တိုက်ခိုက်ခံရ

မြန်မာပြန်ကြားရေးဝန်ကြီးဌာန သတင်းဝက်ဘ်ဆိုက်ကို ပြည်ပကွန်ပြူတာတွေကနေ DDOS နည်းနဲ့ ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အရာရှိတယောက်က ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

ပြန်ကြားရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူး ဦးမြင့်ကျော်နဲ့ ဘီဘီစီနဲ့ မေးမြန်းရာမှာ အခုတိုက်ခိုက်မှုကို ဇန္နဝါရီလ ၈ ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး ဇန္နဝါရီလ ၈ ရက်နေ့မနက်ခင်းမှာ ဝက်ဘ်ဆိုက် အလုပ်မလုပ်တော့ဘဲ ရပ်စဲသွားတာလို့ ပြောပါတယ်။

အခုအခါမှာ ပြည်တွင်းကလူတွေအတွက် ဝက်ဘ်ဆိုက်ကို ပြန်လည် ကြည့်ရှုလို့ ရပြီဖြစ်ပေမယ့် ပြည်ပကလူတွေကိုတော့ ဝင်ကြည့်လို့ မရအောင် ပြည်ပ ကွန်ပြူတာတွေရဲ့ အိုင်ပီနံပါတ်တွေကို ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

ဒါဟာ နောက်ထပ်တိုက်ခိုက်မှုတွေကို ကာကွယ်တဲ့ အနေနဲ့ လုံခြုံရေး အခြေအနေအရ ယာယီကန့်သတ်ထားတာဖြစ်ပါတယ်။

ဒီဒီအိုအက်စ်နည်းဟာ ဝက်ဘ်ဆိုက်ကိုဝင်ရောက်ကြည့်ရှုသူ အလွန်အကျွံများပြားနေသယောင်ဖြစ်အောင်ဖန်တီးပြီးတိုက်ခိုက်တဲ့ နည်းဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်ကို ကြည့်ရှုသူ အလွန်အကျွံများပြားနေတယ်လို့ ကွန်ပြူတာ စနစ်က ယူဆသွားတဲ့အခါ လိုင်းကြပ်ပြီး အလိုအလျောက် ဝက်ဘ်ဆိုက် ရပ်တန့်သွားတာဖြစ်ပါတယ်။

တိုက်ခိုက်မှုပြုလုပ်သူတွေဟာ ပြည်ပကွန်ပြူတာတွေရဲ့လိပ်စာနဲ့ ပြုလုပ်တာဖြစ်တယ်လို့ ဆိုပေမယ့် ဘယ်နိုင်ငံကဆိုတာကိုတော့ ထုတ်ဖော်မပြောဆိုပါဘူး။

မြန်မာပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်စာမျက်နှာကို အရင်ကလည်း တိုက်ခိုက်မှုတွေရှိခဲ့ဖူးတယ်လို့ ဦးမြင့်ကျော်က ဆိုပါတယ်။

ဝက်ဘ်ဆိုက်ကို ဟက်က် လုပ်ပြီး တခြားဓာတ်ပုံတွေကို လာတင်ထားတာမျိုးလုပ်တာတောင် ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ