မစ္စယန်ဟီးလီ ကချင် ဒုက္ခသည် ခစန်းသွား

  • 10 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် EPA/MYITKYINA NEWS JOURNAL
Image caption ကချင် ဒုက္ခသည်စခန်းက မိခင်နဲ့ ကလေးငယ်ကို မစ္စယန်ဟီးလီ တွေ့ဆုံ နှုတ်ဆက်

မြန်မာ နိုင်ငံဆိုင်ရာကုလ သမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဇန်နဝါရီလ ၁၀ ရက်နေ့က ကချင်ပြည်နယ် အတွင်း KBC ကချင် နှစ်ချင်း ခရစ်ယာန် အသင်းတော်က ကူညီ စောင့်ရှောက်ပေး နေတဲ့ မြစ်ကြီးနားက မိုင်းနား ဒုက္ခသည် စခန်းကို သွားရောက်ခဲ့ ပါတယ်။

စောစောပိုင်း ကတော့ KBC အတွင်းရေးမှူး ဒေါက်တာ ခါလမ် ဆမ်းဆွန် Hkalam Samson နဲ့ မြစ်ကြီးနား မြို့မှာ တွေ့ဆုံပြီး သူသိလိုတာ တွေကို မစ္စယန်ဟီးလီက မေးခဲ့ ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အတွင်းက ဒုက္ခသည်တွေကို အကူအညီ ပို့ပေးရာမှာ အခက်အခဲ ရှိမရှိ၊ အဓမ္မကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ ကောင်းခါး ကျေးရွာက ဆရာမလေး နှစ်ယောက် ကိစ္စ၊ မုံးကိုးက ဓမ္မ ဆရာ နှစ်ယောက် ပျောက်ဆုံးနေတဲ့ အခြေ အနေတွေကို မစ္စယန်ဟီလီက မေးခဲ့တယ်လို့ ဒေါက်တာ ခါလမ် ဆမ်းဆွန်က ပြောပါတယ်။

ဒုက္ခသည်တွေကို အကူအညီတွေ ပို့ပေးရေးမှာ မြောက်ပိုင်းတိုင်း တိုင်းမှူးရဲ့ ခွင့်ပြုချက်နဲ့မှ သွားလို့ ရတယ် ဆိုတာ ပြောပြလိုက်တယ်လို့ ဒေါက်တာ ခါလမ် ဆမ်းဆွန်က ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဇိုင်းအောင်နဲ့ မဂါ့ယန် ဒုက္ခသည်စခန်းကလူတွေ နေရာ ရွှေ့ပြောင်း ကြရတာကို စိတ်မကောင်းကြောင်း မစ္စယန်ဟီလီက ပြောတယ်လို့ လည်း သူက ပြန်ပြောပါတယ်။

လူဦးရေ ခုနှစ်ထောင် ကနေ တစ်သောင်းကြား ရှိတဲ့ ဒုက္ခသည်တွေဟာ အခုတော့ တရုတ်မြန်မာ နယ်စပ်က ချောင်း တစ်ခု ဘေးမှာ ရွှေ့ပြောင်း နေကြရတယ်လို့ ဆိုပါတယ်။

မစ္စယန်ဟီလီက အဲဒီ ဒုက္ခသည်တွေဆီကိုရော လိုင်ဇာက ဒုက္ခသည်တွေကိုပါ သွားတွေ့ ချင်တယ်၊ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့နဲ့လည်း တွေ့ချင်တယ်၊ ဒါပေမဲ့ လုံခြုံရေး အကြောင်း ပြချက်နဲ့ တာဝန် ရှိသူတွေက တွေ့ခွင့် မပေးဘူးလို့ ပြောကြောင်း ဒေါက်တာ ခါလမ် ဆမ်းဆွန် က ပြော ပါတယ်။

မစ္စယန်ဟီလီရဲ့ ဆန္ဒကို ခွင့်မပြု တာဟာ မြန်မာ နိုင်ငံရဲ့ လုံခြုံရေး၊ လူ့အခွင့် အရေး ချိုးဖောက်မှု၊ တခြား လူမှုရေး နိုင်ငံရေး ပြဿနာတွေ ရှိနေတယ် ဆိုတာ သက်သေ ထူလိုက်တာလို့ ကေအိုင်အို နည်းပညာ အထောက်အကူပြု အဖွဲ့ တာဝန်ခံ ဦးဒေါင်ခါးက ပြောပါတယ်။

ကေအိုင်အို ဘက်က တွေ့ဆုံဖို့ အသင့် ရှိနေတာ ဖြစ်ပြီး တွေ့ခွင့် ရခဲ့ရင် လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာတွေ၊ ကချင် ပြည်သူတွေ တွေ့ကြုံခံစား နေရတဲ့ ပြည်တွင်း ရေးရာတွေ၊ စစ်ပြေး ဒုက္ခသည် တွေရဲ့ အနေ အထား အားလုံးကို ပြောပြ ချင်တယ်လို့ လည်း သူက ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ