စမတ်ကတ် ထုတ်ပေးရေး စမ်းသပ် စာရင်း ကောက်မှု ဘူးသီးတောင်မှာ ပြုလုပ်

  • 10 ဇန်နဝါရီ 2017
Image caption ဘူးသီးတောင် ပြီးရင် မောင်တော အလှည့် ရောက်လာမယ်

မြန်မာ နိုင်ငံမှာ လက်ရှိ ကိုင်ဆောင် နေတဲ့ မှတ်ပုံတင် ကတ်ပြား တွေ နေရာမှာ အလက်ထရောနစ် စမတ်ကတ်တွေ အစားထိုး ထုတ်ပေး နိုင်ရေး အတွက် စမ်းသပ် စာရင်း ကောက်ခံမှု တွေ ဆက်လက် ပြုလုပ် နေတာမှာ၊ အခုတော့ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်မှာ စာရင်း ကောက်ခံ လာပါတယ်။

ဒါဟာ ရိုဟင်ဂျာ၊ ဘင်္ဂလီ အမည် အခေါ်အဝေါ် အပါအဝင်၊ နိုင်ငံသား ဖြစ်မှု/ မဖြစ်မှု အငြင်းပွား မှု တွေ အဓိက ရှိနေတဲ့ နေရာ တစ်ခုမှာ စာရင်း ကောက်ခံမှု ပြုလုပ် လာတာ ဖြစ်ပါတယ်။

ဒီလို ပြဿနာတွေ ရှိနေတဲ့ ဘူးသီးတောင် မြို့နယ်ထဲ တမင် ရည်ရွယ်ချက် နဲ့ ပြလုပ် တာ မဟုတ်ပဲ၊ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် ထဲက နေရာ တချို့မှာ ရှေ့ပြေး စမ်းသပ်မှု တွေ လုပ်ဆောင် ခဲ့ပြီးတဲ့ နောက်၊ ရခိုင် ပြည်နယ် ထဲမှာလည်း စစ်တွေ မှာ ပြုလုပ် ခဲ့ပြီး အခုလို ဘူးသီးတောင် မှာ အလှည့်ကျ လုပ်ဆောင် လာတာ ဖြစ်တယ်လို့ လူဝင်မှုနဲ့ ပြည်သူ့ အင်အား ဦးစီးဌာန အမြဲတန်း အတွင်းဝန် ဦးမြင့်ကြိုင်က ဘီဘီစီ ကို ပြောပါတယ်။

တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ စမတ်ကတ်ကို အစားထိုး သွားမှာ ဖြစ်တယ်လို့ ဆိုပေမယ့် ဘယ် အချိန် စတင် အကောင်အထည် ဖော်မယ် ဆိုတာကိုတော့ အာဏာပိုင် တွေ ဘက်က ရှင်းရှင်းလင်းလင်း မထုတ် ပြန် သေးပါဘူး။

နိုင်ငံသား မဟုတ်သေး သူ တွေ ကိုပါ သင့်လျော်တဲ့ အခွင့်အရေးတွေ ခံစား နိုင်အောင် ကတ်ပြား အမျိုးစား တစ်ခု မဟုတ် တစ်ခု ရရှိ နိုင်ရေး ဆောင်ရွက် ပေးသွားမယ်လို့ ဦးမြင့်ကြိုင်က ဆိုပါတယ်။

ဘူးသီးတောင် ပြီးရင် မောင်တော အလှည့် ရောက်လာမှာ ဖြစ်လို့၊ ပဋိပက္ခတွေကြောင့် နယ်မြေ မတည်မငြိမ် ဖြစ်ခဲ့တဲ့ မောင်တော မြို့နယ်ထဲ လူဝင်မှု ကြီးကြပ် ရေး ဆိုင်ရာ စာရင်း ကောက်ယူ တဲ့ အခါ ဘယ်လို အခြေအနေ မျိုး တွေ ပေါ်ပေါက် လာမလဲ ဆိုတာ အထူး စောင့်ကြည့် ရမှာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ