လိုင်းကားဟောင်းတွေ ဖျက်သိမ်းမယ့် အစီအစဉ်

  • 11 ဇန်နဝါရီ 2017
Image caption ၁၉၉၅ မတိုင်ခင် ထုတ်တဲ့ လိုင်းကား စီးရေ ၁၄၀၀ ကျော်ရှိနေ

လက်ရှိ ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ လိုင်းကားတွေ ထဲက ၁၉၉၅ မတိုင်ခင် ထုတ်ခဲ့တဲ့ ကားတွေ ဖျက်သိမ်းရေး အတွက် အစိုးရက နည်းလမ်း သုံးခု လုပ်ဆောင် ပေးဖို့ စီစဉ်ထား ပါတယ်။

ဒိုင်နာ၊ ဘီအမ်နဲ့ စီးတီးဘတ်စ် တွေကို ဇန်နဝါရီလ ၁၆ ရက်နေ့က စပြီး ပြေးဆွဲခွင့် ရပ်နား တော့မှာ ဖြစ်ပါတယ်။

အဲဒီကားတွေကို အစိုးရ ထံမှာ အပ်နှံရင် သူတို့ကို သက်တမ်း နှစ် ၂၀ မကျော်သေးတဲ့ အိမ်သုံးကား တင်သွင်းနိုင်တဲ့ ပါမစ် ထုတ်ပေးမှာ ဖြစ်ပြီး လုပ်ငန်း ပြောင်းလိုသူတွေကို ပြောင်းလဲ ပေးမယ်၊ မြို့ထဲ မဟုတ်တဲ့ သင့်လျော်တဲ့ ခရီးစဉ် တစ်ခုခုမှာ ပြေးဆွဲချင် ရင်လည်း အချိန်ကာလ တစ်ခု သတ်မှတ်ပြီး ခွင့်ပြု ပေးမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ အဖွဲ့ဝင် ကိုတရုတ်လေးက ပြောပါတယ်။

အစိုးရသစ်ရဲ့ ပြောင်းလဲတဲ့ စနစ်မှာ ပူးပေါင်း ပါဝင်ချင်တဲ့ အကြောင်း ယာဉ်ပိုင်ရှင် တွေက အစိုးရကိုတင်ပြလို့ အခုလို ဆောင်ရွက်ပေးတာ လို့လည်း သူက ပြော ပါတယ်။

ဖျက်သိမ်းဖို့ အပ်နှံတဲ့ ကားပိုင်ရှင်တွေကို အခွန်ဈေးနှုန်း သက်သာတဲ့ မော်တော်ကား တင်သွင်းခွင့် ပါမစ် တစ်ခု ထုတ်ပေးမှာ ပါ။

အဲဒီ ပါမစ်က ပြင်ပ ဈေးကွက်မှာ သိန်း၁၀၀ ကျော်ဈေး ပေါက်ပါတယ်။

မဖျက် သိမ်းချင်တဲ့ ကားတွေကို ဝန်ထမ်းကြိုပို့ကားတွေ၊ နာရေး ပို့ဆောင်တဲ့ ကားတွေ အဖြစ် သုံးချင်ရင်လည်း ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။

အခုလို အစိုးရက ပြောင်းလဲ လုပ်ဆောင်မယ့် စနစ်နဲ့ ပတ်သက်လို့ ယာဉ်ပိုင်ရှင်တွေ ထဲမှာ သဘောတူသူတွေ၊ သဘောမတူသူတွေလည်း ရှိနေကြပါတယ်။

အခုလို အစိုးရရဲ့ အစီအစဉ် အရ ဒိုင်နာကား ပိုင်ရှင် အများစုက ဖျက်သိမ်းဖို့ ဆန္ဒရှိပြီး ဘီအမ် ကား ပိုင်ရှင် တွေရဲ့ ၅၀ ရာခိုင်နှုန်းကတော့ မြိုစွန်တွေမှာ အချိန်ကာလ တခုထိ ပြေးဆွဲဖို့ တောင်းဆို ထားတယ်လို ကိုတရုတ်လေးက ပြောပါတယ်။

လက်ရှိ ရန်ကုန်မှာ ပြေးဆွဲနေတဲ့ ၁၉၉၅ မတိုင်ခင် ထုတ်တဲ့ ဒိုင်နာ၊ ဘီအမ်နဲ့ စီးတီးဘတ်စ် စုစုပေါင်း အစီးရေ ၁၄၀၀ ကျော်ရှိပါတယ်။

ဖျက်သိမ်းဖို့ အစိုးရကို အပ်နှံလိုက်တဲ့ ကားတွေကို အရည်ကြိုမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအစိုးရ အဖွဲ့အနေနဲ့ လက်ရှိပြေးဆွဲနေတဲ့ မထသ စနစ်ကို ဖျက်သိမ်းပြီး ဇန်နဝါရီလ ၁၆ ရက်နေ့က စလို့ ယာဉ်လိုင်း အသစ်တွေနဲ့ ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။