ငြိမ်းချမ်းရေး ရန်ပုံငွေ နိုင်ငံသားတွေ လှူဒါန်းနိုင်ပြီ

  • 11 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် NRCP
Image caption နိုင်ငံသားတွေ ရဲ့ ကူညီ ထောက်ပံ့မှု ကို လမ်းဖွင့်ပေးတာ လည်းဖြစ်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အဆင်ပြေ ချောမွေ့စေရေး ငြိမ်းချမ်းရေး ရန်ပုံငွေသို့ ပြည်သူတွေ ထည့်ဝင်လှူဒါန်းကြဖို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနကနေ ကြေညာချက် ထုတ်ပြန်ထား ပါတယ်။

ကူညီထောက်ပံတာတွေကို စနစ်တကျ မျှဝေဖို့ JCB လို့ ခေါ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေ ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံး ကို ဖန်တီး နိုင်မှု အခြေအနေ က မြန်မာနိုင်ငံသား တွေရဲ့ လက်ဝယ်မှာ ရှိရမယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ နိုင်ငံသားတွေ ရဲ့ ကူညီ ထောက်ပံ့မှု ကို လမ်းဖွင့်ပေးတာ ဖြစ်ကြောင်း သမ္မတ ရုံး ပြောခွင့် ရ ပုဂ္ဂိုလ် ဦးဇော်ဌေး က ပြောပါတယ်။

နိုင်ငံသားတွေ က ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ကို ပံ့ပိုး ကူညီတာ၊ နိုင်ငံတော် ဘဏ္ဍာ ငွေကလည်း ရယူ သုံးစွဲ နေတာ အပြင်၊ နိုင်ငံတကာ ထောက်ပံ့ ကူညီမှုတွေကို စနစ်တကျ သုံးစွဲ နေတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်အောင် လုပ်တာ လို့ ဦးဇော်ဌေး က ပြောပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာ က ထောက်ပံ့ ကူညီတာတွေ ကို အစိုးရ အနေနဲ့ တိတိကျကျ သိရှိခြင်း မရှိပါဘူး။

ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ အပစ်ရပ် လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို တိုက်ရိုက် ထောက်ပံ့တာမျိုး တွေကြောင့် ငြိမ်းချမ်းရေး ရန်ပုံငွေ နဲ့ ပတ်သက်လို့ အစိုးရ က မသိရှိရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ အလှူရှင် နဲ့ အလှူ လက်ခံ တဲ့ အဖွဲ့ အစည်းက တိုက်ရိုက် ဆောင်ရွက် တာမျိုး ဖြစ်တဲ့ အတွက် အစိုးရ အနေနဲ့ ကြားဝင် ဆောင်ရွက်ပေးလို့ မရဘူးလို့လည်း သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောပါတယ်။

ငြိမ်းချမ်းရေး နဲ့ ပတ်သက်လို့ နိုင်ငံတကာ က ထောက်ပံ့ ကူညီမှုတွေကို ညှိနှိုင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်တွေကိုလည်း စတင်နေပြီလို့ သိရပါတယ်။

ငြိမ်းချမ်းရေး ရန်ပုံငွေ လှူဒါန်းမှု ဟာလည်း ငွေဖြူ ငွေမည်း ပြဿနာတွေ မဖြစ်စေဖို့ အတွက် ဘဏ် အကောင့် ကနေ တဆင့် လှူဒါန်းမှု လုပ် ရမှာ ဖြစ်ပါတယ်။

ရန်ပုံငွေ လှူဒါန်း လွှဲပြောင်းပေးမှု တွေမှာ ဒီငွေတွေ ဘယ်က လာသလဲ ဆိုတာ ကို ဘဏ်တွေက စိစစ်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေမှာ အမှန်တကယ် ဦးစားပေး ထားတဲ့ အဓိက လုပ်ငန်းစဉ် တွေကိုပဲ ငြိမ်းချမ်းရေး ရန်ပုံငွေ ရရှိဖို့ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့က ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ