ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ရောက်ချိန် ရခိုင် မြောက်ပိုင်း အခြေအနေ

  • 13 ဇန်နဝါရီ 2017
Image caption မောင်တော မြို့နယ်ထဲက ရွာတစ်ရွာ

မြန်မာ နိုင်ငံရဲ့ လူ့ အခွင့်အရေး အခြေအနေ တွေကို စုံစမ်းဖို့ ကုလသမဂ္ဂက စေလွှတ်တဲ့ အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ ဟာ ရခိုင် ပြည်နယ်ကို ရောက်ရှိ နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ တုန်းက မြန်မာ နယ်ခြားစောင့် ရဲကင်း စခန်းတွေ တိုက်ခိုက် ခံခဲ့ ရပြီးတဲ့ နောက်ပိုင်း နယ်မြေ မတည်ငြိမ်မှု တွေ ဆက်တိုက် ရှိခဲ့တဲ့ ရခိုင် ပြည်နယ် မြောက်ပိုင်း ဒေသတွေ အထိ မစ္စ ယန်ဟီးလီ သွားရောက်မှာ ဖြစ်ပါတယ်။

ဘူးသီးတောင် မောင်တော ဒေသမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ကတော့ အဲဒီ နယ်မြေထဲ သွားလာ လှုပ်ရှားဖို့ အာဏာပိုင် တွေ ဘက်က ပိတ်ပင် ဟန့်တား တာမျိုး မရှိဘူး လို့ ဆိုပါတယ်။

လူမှု အသိုင်းအဝိုင်း နှစ်ခုလုံးထဲမှာ လုံခြုံရေး အတွက် စိုးရိမ်စိတ် တွေ ရှိနေကြဆဲ ဆိုတာ တွေ့မြင် နေရတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒါပေမယ့် အစိုးရ လုံခြုံရေး တပ်ဖွဲ့ ဝင်တွေ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ရာမှာ အင်အား အလွန်အကျွံ သုံးစွဲ ခဲ့တယ် ဆိုတဲ့ နိုင်ငံတကာ ဝေဖန် သံ တွေ နဲ့ ပတ်သက်ပြီး ဒေသခံ တွေ ဘက်ကတော့ အခုထက်ထိ ပြောတာမျိုး မကြုံရ သေးဘူးလို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ရွာလုံးကျွတ် မီးရှို့ ခံထားရတဲ့ ဝါးပိတ် ကျေးရွာ ကို တွေ့ခဲ့ရပေမယ့် လူ နေ ထိုင်မှု မရှိတော့ တာကြောင့် အသေးစိတ် စုံစမ်းဖို့ မလွယ် ဖြစ် နေရတယ်လို့လည်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါ့အပြင် အစိုးရ စစ်ကြောင်း ၅၅၁ အလာ မောင်နှမ ကျေးရွာ ဆိုတဲ့ မွတ်ဆလင် ရွာသားတွေ စိုးရိမ်စိတ်ကြောင့် ထွက်ပြေး ခဲ့ကြတယ် လို့ ဘီဘီစီ သတင်းထောက်က ပြောပြီး အဲဒီ စစ်ကြောင်းက အရာရှိ ကတော့ သူတို့ အနေနဲ့ လက်နက်ကိုင် တွေကို လိုက်လံ ရှာဖွေ တာသာ ဖြစ်ပြီး အရပ်သား တွေ အပေါ် ပစ်မှတ် ထားမှာ မဟုတ်ဘူး လို့ ဆိုပါတယ်။

နယ်မြေ မတည်ငြိမ်မှု တွေ အတွင်း ဘင်္ဂလား ဒေ့ရှ် ဘက်ကို လူ တွေ သောင်း ဂဏန်း တချို့ အစုလိုက် အပြုံလိုက် ထွက်ပြေး ခဲ့ကြရတယ် လို့ ကုလသမဂ္ဂ ပြောနေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကလည်း အဲဒီလို ပြေးလာကြ သူတွေ ကို မြန်မာ ဘက်က ပြန်ခေါ်ဖို့ မြန်မာ အစိုးရကို တောင်းဆို နေပါတယ်။

ဒီလို အခြေအနေ တွေမှာပဲ ကုလသမဂ္ဂ လူ့ အခွင့်အရေး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ ရခိုင် ပြည်နယ်ကို ရောက်လာ တာ ဖြစ်ပါတယ်။

နိုင်ငံတကာ ကိုယ်စားလှယ် တွေမှာ ဘက်လိုက်တဲ့ အမြင် တွေ ရှိတယ် ဆိုပြီး ရှုမြင် ထားကြတဲ့ ရခိုင် နိုင်ငံရေး သမား တချို့ကတော့ မစ္စ ရန်ဟီးလီး နဲ့ တွေ့ဆုံ မှာ မဟုတ်ဘူး ဆိုပြီး ပြောဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ