မထသကို စနစ်သစ်နဲ့ အစားထိုးပြီး ကားခနဲ့ လုံခြုံရေးအပိုင်းလည်းပြင်မယ်

  • 13 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် YANGON TRANSPORT SERVICE
Image caption ဒါ့အပြင် မူလတန်းကနေ တက္ကသိုလ်အဆင့်အထိ ကျောင်းသားတွေအတွက်လည်း သီးသန့်ယာဉ်လိုင်းတွေ ပြေးဆွဲသွားမယ်

ရန်ကုန်မြို့မှာ အများပြည်သူအတွက် ဆယ်စုနှစ်ပေါင်းများစွာ ပြေးဆွဲနေတဲ့ မထသယာဉ်လိုင်း စနစ်ကို ဖျက်သိမ်းပြီး ငွေပေးချေတဲ့ စနစ် အပါအဝင် နည်းပညာ အကူအညီနဲ့ ခရီးသည်လုံခြုံရေး စောင့်ကြည့်တဲ့ စနစ်တွေကို အဆင့်ဆင့် ပြောင်းလဲ လုပ်ဆောင် သွားမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဇန်နဝါရီလ ၁၆ရက်နေ့မှာ ရန်ကုန်ဘတ်စကားစနစ် (YBS) နာမည်နဲ့ ယာဉ်လိုင်းသစ်တွေ စတင် ပြေးဆွဲတဲ့အခါမှာ ခရီးသည်တွေရဲ့ အခက်အခဲကို ဖြေရှင်းပေးမယ့် ပရဟိတအဖွဲ့အပါအဝင် ကျောင်းသားလူငယ်တွေနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ ဇန်နဝါရီလ ၁၃ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရုံးရှေ့မှာ တွေ့ဆုံတဲ့အချိန်မှာ ဦးဖြိုးမင်းသိန်းက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မူလတန်းကနေ တက္ကသိုလ်အဆင့်အထိ ကျောင်းသားတွေအတွက်လည်း သီးသန့်ယာဉ်လိုင်းတွေ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

ခရီးသွားတွေ အခက်အခဲရှိရင် ဖြေရှင်းပေးဖို့အတွက် ပရဟိတ အဖွဲ့တွေမှာ သက်ဆိုင်ရာ မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေက ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဒီကိစ္စအတွက် စေတနာ့ဝန်ထမ်းအနေနဲ့ ကူညီပေးမယ့် လူတွေထဲမှာ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေ၊ တကသ ကျောင်းသားအဖွဲ့ဝင်တွေ အပါအဝင် လူတထောင်ကျော်လောက် ရှိတယ်လို့ သိရပါတယ်။

ခရီးသည်တွေ သွားလာရေး လမ်းညွှန်ပေးဖို့၊ စနစ်သစ်ကို လမ်းညွှန် စာစောင်တွေနဲ့ အသိပေးဖို့နဲ့ အများပြည်သူတွေဘက်က တင်ပြတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့အတွက် ကားဂိတ်တွေမှာ ပရဟိတ အဖွဲ့ဝင်တွေ ရှိနေမယ်လို့ ပွင့်လန်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုဂျင်မီက ဘီဘီစီကို ပြောပါတယ်။

အခုလို စေတနာ့ ဝန်ထမ်းတွေက ယာဉ်လမ်းကြောင်း လမ်းညွှန် စာစောင်တွေကို ဖြန့်ဝေဖို့အတွက် စာစောင် ငါးသိန်းနီးပါးကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရိုက်နှိပ်ပေးထားပါတယ်။

ဒါ့အပြင် ယာဉ်လိုင်းသစ်တွေ စတင် ပြေးဆွဲတဲ့အခါမှာ ကြုံရတဲ့ အခက်အခဲတွေ သိရဖို့အတွက် သုတေသန စစ်တမ်း မေးခွန်းတွေကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ လက်တဖက် ကမ်းကြမယ် ပရဟိတအဖွဲ့က ပေးအပ်ခဲ့တယ်လို့ ဒီအဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ယာဉ်လိုင်းသစ်တွေ ပြေးဆွဲတဲ့ အခါမှာ ယာဉ်အရေအတွက် မလုံလောက်တဲ့ ပြဿနာနဲ့ ယခင်ကထက်ပိုပြီး အဆင့်ဆင့် လိုင်းတွေ ပြောင်းစီးရတဲ့ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ