နမ့်ဆန် ရွာထဲ လက်နက်ကြီးကျည် ကျလို့၂ ဉီးသေဆုံး

  • 13 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် TNLA
Image caption လူ ၃၀ ကျော်လောက် သီချင်းတိုက်နေတုန်း လက်နက်ကြီး ကျမှန်

ရှမ်းပြည်မြောက်ပိုင်း က အစိုးရ တပ်တွေနဲ့ TNLA တအာင်း ပလောင် တပ်တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ခဲ့တဲ့ နမ့်ဆန် မြို့နယ် အတွင်းမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က နေအိမ်ထဲ လက်နက်ကြီး ကျလို့ လူ ၁၂ ယောက် ထိမှန်ခဲ့ပြီး နှစ်ယောက် သေဆုံး ခဲ့ပါတယ်။

နမ့်ဆန် မြို့နယ် ဟိုချောင်းရွာက ဦးငြိမ်းချမ်းရဲ့ နေအိမ်ကို ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လယ်က လက်နက်ကြီး ကျည် ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

ရွာက ဘုရားပွဲ စတိတ်ရှိုး အတွက် မန္တလေးက ခေါ်ထားတဲ့ တေးဂီတ အဖွဲ့သားတွေနဲ့ ရွာက လူငယ်တွေ အပါအဝင် လူ ၃၀ ကျော်လောက် သီချင်းတိုက်နေတုန်း လက်နက်ကြီး ကျမှန်ခဲ့တဲ့ အတွက် လူ ၁၂ ယောက်ကို ထိမှန်ခဲ့တာ ဖြစ်ပြီး တစ်ယောက်က ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ အိမ်ရှင် ဦးငြိမ်းချမ်းက ဘီဘီစီကို ပြောပါတယ်။

လားရှိုး ဆေးရုံမှာ ကုသမှု ခံယူနေတဲ့ ဒဏ်ရာ ရသူ ၈ ယောက်မှာ အိမ်ရှင် ဦးငြိမ်းချမ်း ကိုယ်တိုင်လည်း ပါဝင် ပါတယ်။

ရှမ်းပြည် မြောက်ပိုင်းက နမ့်ဆန် အပါအဝင် မြို့နယ် တွေမှာ ပြီးခဲ့တဲ့ လ အတန်ကြာက တိုက်ပွဲတွေ ငြိမ်နေခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းကစလို့ တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့တာပါ။

ဒါပေမဲ့ ဟိုချောင်းရွာကို လက်နက်ကြီး ကျတဲ့ နေ့ကတော့ တိုက်ပွဲ လုံးဝ မဖြစ်ခဲ့ဘဲ ကျေးရွာကို အဝေးက လက်နက်နဲ့ လှမ်းပစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို လူတွေ သေဆုံး ဒဏ်ရာရတဲ့ အထိ ဖြစ်ခဲ့တဲ့ နေအိမ်ပေါ် လက်နက်ကြီး ကျတဲ့ ကိစ္စမှာ ဘယ်သူ့ဘက်က ပစ်ခတ်တယ် ဆိုတာ အတိအကျ မပြောနိုင်ပေမဲ့ တပ်မတော်ဘက်က ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ရွာသားတွေက ခန့်မှန်း ပြောဆိုနေပါတယ်။

အကြောင်းက ဟိုချောင်းရွာဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ ဆက်စပ်မှု မရှိဘူး၊ အဲဒီရွာနဲ့ သိပ်မဝေး လှတဲ့ အနီးအနားမှာ အစိုးရ စစ်တပ်က တပ်စွဲ ထားတာကြောင့် ဖြစ်တယ်လို့ ရွာသားတွေက ခန့်မှန်း ပြောဆိုနေပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက် မရရှိသလို တပ်မတော် ဘက်ကလည်း တစုံတရာ ထုတ်ပြန်တာ မရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ