အသတ်ခံရတဲ့ မြန်မာ အလုပ်သမားတွေအမှုနဲ့ ဆက်စပ်ဖမ်းဆီး

  • 14 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်ပ အလုပ်သမားတွေနဲ့ ကွာလာလမ်ပူ မြင်ကွင်း

မလေးရှားမှာ အသတ်ခံရတဲ့ မြန်မာ အလုပ်သမား ၅ ယောက် အမှုနဲ့ ဆက်စပ်ပြီး ၁၅ ယောက် ဖမ်းဆီး ထားတယ်လို့ သိရပါတယ်။

သေဆုံးသူတွေ လုပ်ကိုင်တဲ့ စက်ရုံပိုင်ရှင်အပါအဝင် စက်ရုံထဲကနဲ့ စက်ရုံနားက လူတချို့ကို ဖမ်းထားတာလို့ အမှု နောက်ဆုံး အခြေအနေ ကို မလေးရှား နာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောပါတယ်။

ဒီလူတွေက မလေး နိုင်ငံသားတွေလည်း ဖြစ်ကြပါတယ်။

စက်ရုံကို ရောက်လာတဲ့ မြန်မာ လူသစ်တွေက ပစ္စည်း ပျောက်တာ တိုင်ကြားလို့ အလုပ်သမား တချို့ ထုတ်ခံရပြီးနောက် ပိုင်ရှင်တွေက မြန်မာ အလုပ်သမားသစ် တွေကို ပိုပြီးမဲလာတာကို ရဲက မှတ်တမ်းယူ ထားတယ်လို့ ဦးဆန်းဝင်းက ဆိုပါတယ်။

နောက် ထွက်ဆိုချက်တွေမှာ မြန်မာ အလုပ်သမားတွေနဲ့ အလုပ်ရှင် ထွက်ဆိုချက်တွေ မညီဘဲ အလုပ်ရှင်ဘက်က လိမ်ညာ တဲ့အတွက် ဖမ်းဆီးတာလို့ သိရပါတယ်။

အခင်းဖြစ်ပွားချိန်က အသက်မသေ ကျန်ရစ်တဲ့ မြန်မာ အလုပ်သမားတွေကိုတော့ သူတို့ အသက် အန္တရာယ် အတွက် ရဲက ဆက်ပြီး ခေါ်ယူထားပါတယ်။

ရဲလက်မှတ် ထုတ်မပေးသေးလို့ အလောင်းတွေ မသင်္ဂြိုဟ် နိုင်သေးပေမယ့် လာမယ့် အပတ်ထဲ သင်္ဂြိုဟ် ပြီးစီးအောင် လုပ်ဆောင်နေတယ် လို့လည်း ဆိုပါတယ်။

ကွာလာလမ်ပူ မြို့ထဲမှာ ဒီလို ၅ လောင်းပြိုင် လူသတ်မှုမျိုး ဖြစ်လေ့ မရှိတာမို့ ရဲဘက်က သေချာ စုံစမ်း စစ်ဆေးနေပြီး မြန်မာ သံရုံးဘက်ကလည်း တောက်လျှောက် လိုက်ပါ ဆောင်ရွက်နေတယ်လို့ ဦးဆန်းဝင်းက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ