ကုလကိုယ်စားလှယ် ယန်ဟီးလီ ရသေ့တောင်နဲ့ မောင်တောဘက်ရောက်

  • 14 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မစ္စ ယန်ဟီးလီဟာ ကိုးတန်ကောက်ရွာ အနီးနားက ချိန်ခါလီ ကျေးရွာမှာရှိတဲ့ ရခိုင်အမျိုးသမီးတွေနဲ့လည်း တွေ့ဆုံခဲ့

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ ဇန်နဝါရီလ ၁၄ရက် စနေနေ့မှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရွာက နယ်ခြားစောင့်စခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်တဲ့ အချက်တွေကို စခန်းက တာဝန်ရှိသူတွေနဲ့ မေးမြန်းခဲ့ပါတယ်။

မစ္စ ယန်ဟီးလီဟာ ဖြစ်စဉ်အတွင်းမှာ လာရောက် တိုက်ခိုက်သူ အရေအတွက်၊ ဖမ်းမိသူနဲ့ သေဆုံးသူ အရေအတွက်ကို တာဝန်ရှိသူတွေကို မေးမြန်းခဲ့ပြီး ဒေသခံတွေကိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မမေးခဲ့ဘူးလို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့ပြီး ရုပ်သံဖိုင် သက်သေလည်း ထွက်ပေါ်ခဲ့တဲ့ ရဲအရာရှိတွေက ရွာသားတွေကို ထိုးကြိတ်၊ ရိုက်နှိက်မှု ဖြစ်ပွားတဲ့ နေရာဟာလည်း ဒီ ကိုးတန်ကောက်ရွာ ပတ်ဝန်းကျင်မှာပဲ ဖြစ်ပါတယ်။

မစ္စ ယန်ဟီးလီဟာ ကိုးတန်ကောက်ရွာ အနီးနားက ချိန်ခါလီ ကျေးရွာမှာရှိတဲ့ ရခိုင်အမျိုးသမီးတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ ဒေသတွင်းက အကူအညီပေးအဖွဲ့တွေဆီက အကူအညီရရှိမှု အခြေအနေနဲ့ လူမှု စီးပွားအခြေအနေတွေကို မေးမြန်းခဲ့ပြီး အခြေအနေတွေ ပုံမှန်ပြန်ဖြစ်ပြီလို့ ဖြေကြားခဲ့ကြောင်း ဒေသခံ အမျိုးသမီးတဦးက ဘီဘီစီကို ပြောပါတယ်။

မစ္စ ယန်ဟီးလီဟာ မောင်တောမြို့နယ်တဝိုက်က မီးရှို့ခံရတဲ့ မူဆလင် ကျေးရွာတွေနဲ့ ဘူးသီးတောင် အကျဉ်းထောင်ကိုလည်း ဆက်လက် သွားရောက်ခဲ့ပါတယ်။

မစ္စ ယန်ဟီးလီဟာ သောကြာနေ့ ကလည်း စစ်တွေမြို့ကို ရောက်ရှိချိန်မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေနဲ့သာမက မြို့ခံ မူဆလင် ရပ်မိရပ်ဖတွေ အပါအဝင် ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မစ္စ ယန်ဟီးလီရဲ့ ၁၂ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ဟာ ဇန်နဝါရီလ ၂၀ရက်နေ့မှာ အဆုံးသတ်ဖို့ စီစဉ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ