တောင်ကြီးမှာ NLD ချစ်သူများ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့

  • 14 ဇန်နဝါရီ 2017
Image caption လူတစ်ဦးတည်း တစ်ယောက်တည်း ကို အကြွင်းမဲ့ အာဏာ ပေးတာကို လည်း ရုတ်သိမ်းပေးစေချင်တယ်လို့ NLD ချစ်သူများ အဖွဲ့က တောင်းဆို

အစိုးရကို ဦးဆောင်ဖွဲ့ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အပေါ် ဝေဖန် သုံးသပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ရှမ်းပြည်နယ်၊ တောင်ကြီး မြို့မှာ ဇန်နဝါရီ ၁၄ ရက်၊ စနေနေ့က ပြုလုပ် ခဲ့ပါတယ်။

အဲဒီ ပွဲကို ရှမ်းပြည်နယ် တောင်ပိုင်းက NLD လက်ရှိ အဖွဲ့ဝင် တွေရော၊ NLD ပါတီထဲက ထုတ်ပယ် ခံထားရသူ တချို့ ပူးပေါင်း ပြုလုပ် တာဖြစ်ပြီး၊ ပါတီရဲ့ အနာဂတ်ရေးဟာ စိုးရိမ်ဖွယ် အခြေအနေမှာ ရှိနေပြီလို့ ပြောလာပါတယ်။

ရှမ်းပြည်တောင်ပိုင်း က NLD ပါတီ အလုပ်အမှုဆောင် အဖွဲ့ ကို တစ်ဦးတည်း ရဲ့ သဘောနဲ့ ခန့်အပ် တာကို ခရိုင် ၃ ခုနဲ့ မြို့နယ် တွေက လက်မခံဘူးဆိုတဲ့ အကြောင်း ကို အဓိက ရှင်းလင်း တာ ဖြစ်ကြောင်း တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဟောင်း ဦးတင်မောင်တိုး က ပြောပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ လက်ရှိ NLD ပါတီဝင်တွေရော၊ ပါတီကနေ ထုတ်ပယ် ခံရသူ နဲ့ ပြည်နယ်၊ ခရိုင် အလုပ်အမှုဆောင် တွေပါဝင်တယ်လို့ ဆိုပါတယ်။

ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန် ကနေ စာပို့ပြီး ထုတ်ပယ် ခဲ့တာက ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီး ခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုး တို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်အမှုဆောင် ငါးယောက်ကို ထပ်မံ ခန့်ထားခဲ့တဲ့ အတွက် မူရင်း အလုပ်အမှုဆောင် ၇ ဦး က ထုတ်ပယ် ခံရသလို ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒါ နဲ့ ပတ်သက်လို့ တရားဝင် အကြောင်းကြားစာ လည်း ထုတ်ပြန်ခြင်း မရှိဘူးလို့ ပြောပါတယ်။

တောင်ကြီးခရိုင် ဥက္ကဋ္ဌဟောင်း ကို ဘယ်အကြောင်းတွေ ကြောင့် ပြစ်ဒဏ် ချမှတ် ခဲ့တယ်ဆိုတဲ့ စာ ကိုလည်း ထုတ်ပြန်ခြင်း မရှိသေးဘူးလို့ သူက ပြောပါတယ်။

ပါတီဝင် တွေ အနေနဲ့ လုံခြုံမှုမရှိသလို ခံစားနေရပြီး ပါတီ ခေါင်းဆောင် သိရှိအောင် အခုလို NLD ချစ်သူများ ဆိုပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပါတီ ခေါင်းဆောင် ပိုင်း အနေနဲ့ လူတစ်ဦးတည်း တစ်ယောက်တည်း ကို အကြွင်းမဲ့ အာဏာ ပေးတာကို လည်း ရုတ်သိမ်းပေးစေချင်တယ်လို့ NLD ချစ်သူများ အဖွဲ့က တောင်းဆို ခဲ့ပါတယ်။

အခုလို ဖြစ်ခဲ့တဲ့ အပေါ်မှာ ရပ်ကျေး နယ်မြေတွေမှာ ဘယ်လိုလုပ်ပြီး မဲဆွယ် စည်းရုံးမှုတွေ လုပ်နိုင်မှာလဲ ဆိုတဲ့ သဘောမျိုးကိုလည်း သူတို့က ထောက်ပြ ဝေဖန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ