သူ့ရဲ့ အကောင်းဆုံး ပုံစံနဲ့ ပြန်လာမယ်လို့ အောင်လ ပြောကြား

  • 14 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် One Championship
Image caption မြန်မာ နိုင်ငံက အောင်လ ကို အားပေး ကြသူတွေ ဟာ အွန်လိုင်း ကနေ သာ မက ရုပ်မြင်သံကြားကနေ ပါ ကြည့်ရှုအားပေး ခဲ့ကြ

ဇန်နဝါရီလ ၁၄ ရက်နေ့က ဘက်စုံ ကိုယ်ခံပညာ နဲ့ ထိုးသတ် ယှဉ်ပြိုင် ကြတဲ့ One Championship MMA ပြိုင်ပွဲ ရဲ့ မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ စိန်ခေါ် ပွဲမှာ လက်ရှိ ချန်ပီယံ ဗစ်တာလေ ဘစ်ဒက်ရှ် က ကချင် နွယ်ဖွား အောင်လ အန် ဆန်း ကို အနိုင် ရရှိပြီး ချန်ပီယံ ဘွဲ့ကို ကာကွယ် သွားခဲ့ပါတယ်။

One Championship MMA ပြိုင်ပွဲတွေမှာ အချုပ်အနှောင် အတိုက်အခိုက် ကောင်းလို့ မြန်မာ့ စပါးကြီးမြွေ ရယ်လို့ နာမည်ကျော် တဲ့ အောင်လ အန်ဆန်း ဟာ လက်ရှိ ချန်ပီယံ ကို ငါးချီ ပြည့်မြောက်အောင် ထိုးသတ်ပြီး အမှတ်နဲ့ အရှုံးပေး ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိချန်ပီယံ ကို စိန်ခေါ် ထိုးသတ် တဲ့ ပွဲမှာ အောင်လ အန် ဆန် ဟာ ဒုတိယ အချီ အထိ အပြန်အလှန် ထိုးသတ် နိုင်ခဲ့ပေမယ့် တတိယ အချီ အရောက်မှာတော့ ဗစ်တာလေ ရဲ့ ကန်ချက် ထိမှန် ခဲ့ပြီးနောက် ချန်ပီယံရဲ့ ဖိထိုးခြင်း ကို ခံခဲ့ရပါတယ်။

စတုတ္ထ အချီ နဲ့ ပဉ္စမ အချီ တွေမှာတော့ ခံစစ်သက်သက်နဲ့ ယှဉ်ပြိုင် ခဲ့ပြီး အောင်လ အန် ဆန် ဟာ ခံနိုင်ရည် ကောင်းကောင်း၊ ဇွဲ ရှိရှိ နဲ့ ပွဲချီ ပြည့်တဲ့ အထိ ယှဉ်ပြိုင် ထိုးသတ်ပြီးမှ အမှတ်နဲ့ အရှုံးပေး ခဲ့ရတာလည်း ဖြစ်ပါတယ်။

အခုပွဲ ကို မြန်မာ နိုင်ငံက အောင်လ ကို အားပေး ကြသူတွေ ဟာ အွန်လိုင်း ကနေ သာ မက ရုပ်မြင်သံကြားကနေ ပါ ကြည့်ရှုအားပေး ခဲ့ကြပါတယ်။

ကျင်းပခဲ့တဲ့ One Championship MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ စိန်ခေါ်ပွဲ ကို ထိုးသတ်ဖို့ စီစဉ် ထားတဲ့ ပိုလန် နိုင်ငံသား Marcin Prachnio ပြိုင်ပွဲ မကျင်းပခင် နှစ်ပတ် အလိုမှာ ဒဏ်ရာ ရရှိ ခဲ့တဲ့ အတွက် အောင်လ က အစားထိုး ယှဉ်ပြိုင် ခဲ့ရတာ ဖြစ်ပါတယ်။

အောင်လ အနေနဲ့ လက်ရှိ ချန်ပီယံ ဗစ်တာလေ ဘစ်ဒက်ရှ် ရဲ့ ထိုးသတ်ပုံ တွေကိုလည်း လေ့လာချိန် သိပ်မရခဲ့ဘူးလို့ သိရပါတယ်။

ပဉ္စမအချီ စတင်ဖို့ ပြန်ဝင်လာတဲ့ အချိန်မှာ ဒဏ်ရာ အနာတရ နဲ့ အောင်လ ရဲ့ မျက်နှာ ဟာ ပြုံးနေခဲ့ပြီး စိတ်ဓါတ်မာကျောမှု နဲ့ တည်ငြိမ်မှု ရှိတဲ့ သူ့ကို ပရိသတ် တွေက ချီးကျုးခဲ့ ကြပါတယ်။

MMA မစ်ဒယ် ဝိတ်တန်း ချန်ပီယံ ကို ရှုံးနိမ့်သွားခဲ့ပြီး ပရိသတ် မျှော်လင့် ထားသလို မစွမ်းဆောင်နိုင် ခဲ့တဲ့ အတွက် စိတ်မကောင်း ဖြစ်ရကြောင်း၊ နောက်တစ်ပွဲမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံ နဲ့ ပြန်လာ မယ်လို့ အောင်လ က သူ့ရဲ့ Facebook စာမျက်နှာမှာ တောင်းပန် ရေးသား ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ