တရားသော စစ်ထောက်ခံတဲ့ လူထုဆန္ဒပြပွဲ မန္တလေးမှာလုပ်

  • 15 ဇန်နဝါရီ 2017
Image caption အမျိုးသား လွှတ်တော်အမတ်ဟောင်း ဦးလှဆွေ လာရောက် ဟောပြော

တပ်မတော်နဲ့ တပ်မတော်ရဲ့ တရားသော စစ်ထောက်ခံတဲ့ လူထုဆန္ဒပြပွဲ မန္တလေးမှာလုပ်ရာမှာ စစ်ပွဲရပ် ဆိုပြီး ဆိုင်ကယ်မှာ ဗီနိုင်းကပ်ပြီး တန်ပြန် ဆန္ဒပြသူ တဦးနဲ့ ဓာတ်ပုံ သတင်းထောက် ထိုးကြိတ် ခံခဲ့ရပါတယ်။

အစိုးရ တပ်မတော်က တိုက်နေတဲ့ တိုက်ပွဲတွေဟာ တရားသောစစ်ဖြစ်လို့ ထောက်ခံတယ် ဆိုတဲ့ လူထု ထောက်ခံပွဲတွေ ရန်ကုန်နဲ့ မော်လမြိုင်မှာ လုပ်ပြီး ခု မန္တလေးမှာ တတိယမြောက် လုပ်တာဖြစ်ပါတယ်။

ငါးထောင်ကျော် လောက်ရှိတဲ့ တပ်မတော် ထောက်ခံသူတွေ ဟာ မန္တလာသီရိ နိုင်ငံတကာ ဘောလုံးကွင်း ကနေ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်း ထိ လမ်းလျှောက် ဆန္ဒပြပြီး လူထုဟစ်တိုင်ကွင်းမှာ ဟောပြောခဲ့ပါတယ်။

ဒီဟောပြောပွဲမှာ အငြိမ်းစား ဒုဗိုလ်မှူးကြီးဟောင်း အမျိုးသား လွှတ်တော် အမတ်ဟောင်း ဦးလှဆွေ လာရောက် ဟောပြောတာကို တွေရပါတယ်။

တပ်မတော်ထောက်ခံပွဲကို အမျိုးသားရေး ဦးစားပေးတဲ့ ပါတီတချို့ တက်ရောက် သလို သဝဏ်လွှာတွေ ပို့ခဲ့ကြပေမယ့် စစ်ပွဲတွေ ရပ်ရမယ် ဆိုပြီး ကိုသဲနှစ်အောင် ဆိုတဲ့ လူငယ်တယောက်က တန်ပြန် ဆန္ဒပြခဲ့ပါတယ်။

ကိုသဲနှစ်အောင်ဟာ သူ့ရဲ့ စစ်ပွဲရပ် ဆိုတဲ့ ဗီနိုင်းပါ ဆိုင်ကယ်ကို လမ်းပေါ်စီးပြီး အထွက်မှာ တပ်မတော် ထောက်ခံသူတွေက ဆွဲလှဲ တွန်းထိုးလို့ ကိုသဲနှစ်အောင် နှုတ်ခမ်းပေါက်ပြဲပြီး ရဲစခန်းမှာ ခေါ်ယူစစ်ဆေး ခံခဲ့ရပြီး တော့မှ သူ့ကို ပြန်လွှတ် ပေးခဲ့ပါတယ်။

ဒီပွဲကို သတင်းယူတဲ့ ဧရာဝတီသတင်းဌာနက ဓာတ်ပုံ သတင်းထောက် ကိုဇော်ဇော် လည်း တပ်မတော် ထောက်ခံသူ တယောက်က ထိုးကြိတ်တာ ခံခဲ့ရပါသေးတယ်။

ဒီလို တပ်မတော်ထောက်ပွဲ လုပ်တာမှာ အရင်က အေးအေးဆေးဆေး ပြီးခဲ့ပေမယ့် မန္တလေးမှာ သဘောထား မတူသူတွေနဲ့ ခုလိုဖြစ်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

တရားသောစစ်နဲ့ တပ်မတော်ကို ထောက်ခံသူတွေ ကတော့ ဒီလို ထောက်ခံပွဲမျိုး တခြားမြို့တွေမှာ ဆက်လုပ်ဦးမယ်လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ