ဘတ်စ်ကား စနစ်သစ် ပထမနေ့ အဆင်မပြေတာတွေ ပိုများနေ

  • 16 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မှတ်တိုင် တိုင်းလိုလိုမှာ ခရီးသည်တွေကို စေတနာဝန်ထမ်းအဖွဲ့တွေက ကူညီပေးနေ

မော်တော်ယာဉ် လိုင်းပေါင်းစုံ ကြီးကြပ် ထိန်းသိမ်းရေး ဗဟို ကော်မတီ မထသ ကိုဖျက်သိမ်းပြီး ရန်ကုန် အများပိုင်ယာဉ်လိုင်း စနစ် YBS ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ပြေးဆွဲရာမှာ ယာဉ်လိုင်း မလုံလောက်မှုနဲ့ ယာဉ်စီးရေ မလုံလောက်တဲ့ ပြဿနာ တွေကို ခရီးသည်တွေ ကြုံတွေ့ ခဲ့ကြရ ပါတယ်။

အရင် စနစ်ထက် ပိုအဆင်ပြေတယ်လို့ ပြောသူ တွေလည်း ရှိပါတယ်။

တချို့ ခရီးသည်တွေ ကတော့ ကားတွေ စောင့်ရတာ သိပ်မကြာပေမဲ့ အရင်က တစ်ဆင့်တည်း ရောက်တဲ့ ခရီးကို အခု နှစ်ဆင့်စီးမှ ရောက်တယ်၊ ဒါပေမဲ့ အချိန်တော့ ပိုမြန်လာတယ်လို့ ပြောကြ ပါတယ်။

စနစ်သစ် ဆိုပေမဲ့ ကားတွေ ကတော့ မထသ လိုင်းက ကားတွေ အများစုကို YBS တံဆိပ် ပြောင်းလဲ တပ်ဆင်ပြီး ပြေးဆွဲကြတာ ဖြစ်ပါတယ်။

ကားတွေထဲမှာ ခရီးသည်တွေ အပြည့်ဖြစ်နေလို့ နောက်ထပ် လူမတင်နိုင် တော့တဲ့ အတွက် တချို့ ကားမှတ်တိုင် တွေမှာ ခရီးသည်တွေ ထပ်တင်ဖို့ မရပ်နိုင် တော့တာ တွေ့ရတယ်လို့ ကိုယ်တိုင် ဘတ်စ်ကား ပေါ်လိုက်ပါပြီး သတင်း ရယူခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မှတ်တိုင် တိုင်းလိုလိုမှာ ခရီးသည်တွေကို စေတနာ့ ဝန်ထမ်းအဖွဲ့တွေက ကူညီပေးနေတာ တွေ့ရတယ်လို့လည်း ဘီဘီစီ သတင်းထောက်က ပြော ပါတယ်။

မြို့နယ် ပေါင်းစုံမှာ လုပ်အားပေး နေကြသူတွေက လတ်တလော ပြဿနာ တွေကို သက်ဆိုင်ရာ တာဝန်ရှိသူ တွေနဲ့ ချိတ်ဆက် ဖြေရှင်း ပေးနေကြ ပါတယ်။

အဓိက အားနည်းချက်က ပြည်သူတွေကို ကြိုတင် အချိန်ယူပြီး အသိပညာ ပေးမှု မရှိခဲ့တာ ပဲ ဖြစ်တယ်လို့ ကူညီပေးနေသူတွေ ထဲမှာ ပါတဲ့ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တကသ အဖွဲ့က ကိုဇေယျာလွင်က ပြောပါတယ်။

အသစ် ပြောင်းလိုက်တဲ့ ကားလိုင်း ၇၀ မှာ ခရီးသည် တွေက ဘယ်ကို သွားဖို့ ဘာကား စီးရမှန်း မသိ ဖြစ်နေကြတယ်လို့ သူ ကပြောပါတယ်။

ရုံးတက်ချိန် ကျော်သွားတဲ့ နေ့လယ်ပိုင်းမှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ လျော့ပါးသွားတယ်လို့ အငှားကား သမား တချို့က ဆိုပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကတော့ ပထမနေ့မှာ ကြုံရတဲ့ အခက်အခဲတွေကို ကြည့်ပြီး နောက်ပိုင်း ပိုအဆင်ပြေလာအောင် လုပ်ပေး မယ်လို့ ပြောပါတယ်။

အထူးသဖြင့် ဘတ်စ်ကား အသုံးပြုသူ များပြားတဲ့ လှိုင်သာယာ၊ သခင်မြ ပန်းခြံနဲ့ စံပြဈေးလို နေရာတွေမှာ အခက်အခဲတွေ ရှိတာ တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ