စနစ်သစ် စတင်ဖို့ ကြိုတင် ပြင်ဆင်မှု ရှိခဲ့ရဲ့လား

  • 17 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဇန်နဝါရီ ၁၆ ရက်က စပြေးပြီး YBS စနစ်နဲ့ ဘတ်စ်ကားတွေ ပြေးဆွဲ

ရန်ကုန် အများပိုင် ယာဉ်လိုင်း စနစ် YBS နဲ့ ဘတ်စ်ကား ပြေးဆွဲတဲ့ ဒုတိယနေ့မှာ ပိုမို အဆင်ပြေ လာတယ်လို့ ခရီးသည် တွေနဲ့ ကူညီသူတွေက ပြောကြပါတယ်။

ပထမနေ့ ကတော့ ကားမလုံလောက်တဲ့ ပြဿနာ၊ ခရီးသည်တွေက သူတို့ လိုရာ ခရီး ရောက်အောင် ဘယ်ကားတွေ စီးရမယ် ဆိုတာ မသိတဲ့ အခက်အခဲတွေ ရှိခဲ့ ပါတယ်။

အခု ပြောင်းလဲမှုက ပိုင်ဆိုင်မှုစနစ်၊ ပြေးဆွဲမှု စနစ်၊ စီမံ အုပ်ချုပ်မှု စနစ် သုံးခု စလုံးကို တပြိုင်တည်း ပြောင်းလဲ လိုက်တာ ဖြစ်လို့ ဒီလို ပြဿနာတွေ ဖြစ်လာ နိုင်တယ် ဆိုတာ ကြိုတင် မျှော်လင့် ထားခဲ့ကြောင်းနဲ့ အချိန်ဆက် မစောင့်ဘဲ အစီအစဉ် သစ်ကို ကမန်း ကတန်း စတင်လိုက်ရ သလို ဖြစ်သွား ခဲ့ကြောင်း ရန်ကုန်တိုင်း သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ဘီဘီစီကို ပြောပါတယ်။

အကြောင်းက ရမ်းကားတဲ့ ဘတ်စ်ကား တွေကို ဝိုင်းဝန်း တိုက်ခိုက်ဖို့ ပြင်ဆင်တဲ့ အထိ ဖြစ်လာတဲ့ အခြေ အနေတွေကြောင့် အချိန် မစောင့်တော့ဘဲ စတင် လိုက်ရတာလို့ ဒေါက်တာ မောင်အောင်က ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မော်တော်ယာဉ် လိုင်းပေါင်းစုံ ကြီးကြပ် ထိန်းသိမ်းရေး အဖွဲ့ မထသ ရဲ့ အရေးယူ ဆောင်ရွက်မှုတွေ အားနည်း တယ်လို့ သူက ပြောပါတယ်။

အခုစနစ်က ငွေရှာတဲ့ စနစ် မဟုတ်တော့ဘဲ အစု အဖွဲ့ပိုင် စနစ်ကို ပြောင်းလဲတဲ့ ပထမ ခြေလှမ်း ဖြစ်တယ်၊ သူတို့ အနေနဲ့ အများပိုင် အဆင့်အထိ မရောက်သေးခင် အစု အဖွဲ့ပိုင်း အနေနဲ့ စတင် ပြောင်းလဲတာ လို့ သူက ပြောပါတယ်။

အခက်ခဲဆုံး ဖြစ်တဲ့ ပထမ အဆင့်ကို စတင်ပြီး ဖြစ်လာတဲ့ ပြဿနာကို ဖြေရှင်းရင်း နဲ့ပဲ ပြောင်းလဲ သွားဖို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

ခရီးသည်တွေဘက်ကတော့ အရင်က ကား တစ်ဆင့်တည်း စီးရင် ရောက်တဲ့ ခရီးကို အခု နှစ်ဆင့် သုံးဆင့် ပြောင်း စီးကြရလို့ စရိတ်စက ပိုကုန်ကျတဲ့ အခက်အခဲနဲ့ ကြုံခဲ့ကြရတယ်လို့ ပြောကြ ပါတယ်။

အခု စနစ်သစ်မှာ အဓိက လမ်းကြီးတွေ ပေါ်မှာ ပြေးတဲ့ ကားလိုင်းကို တစ်လိုင်းပဲ ထားရှိမှာ ဖြစ်ပြီး ကားပိုင်ရှင် တွေနဲ့ ခရီးသည်တွေရဲ့ အခက်အခဲတွေကို နားထောင်ပြီး လိုအပ်တာတွေကို အာဏာပိုင်တွေ ဘက်က ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။

ကားလုပ်ငန်း ပိုင်ရှင်တွေကတော့ အခု စနစ်သစ်ကို ကြိုဆိုပေမဲ့ စီမံခန့်ခွဲမှုပိုင်းမှာ လိုအပ်နေတာတွေ ရှိနေတာကို ထောက်ပြ နေကြပြီး အကျိုးအမြတ်ခွဲဝေတဲ့ အပိုင်းမှာ အာဏာပိုင်တွေ ဘက်က စည်းကမ်း တကျ ကြပ်မတ် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ