၆၆ (ဃ) ပြင်သင့်တယ်လို့ မစ္စလီကို မီဒီယာ ကောင်စီ သဘောထားပေး

  • 17 ဇန်နဝါရီ 2017
Image caption သတင်းသမားတွေ တရား အစွဲခံရ၊ ပြစ်ဒဏ် ချ ခံရတာမျိုး တွေ ဆက်လက် ဖြစ်ခဲ့

မြန်မာနိုင်ငံမှာ အင်တာနက် အွန်လိုင်းပေါ် အသရေဖျက်တယ် ဆိုပြီး တရားစွဲ တဲ့ အခါ အသုံးပြုမှု များလာနေတဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ကို ပြင်ဆင် စေချင်တဲ့ သဘောထားကို ကုလသမဂ္ဂ လူ့ အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီကို ပြောခဲ့တယ် လို့ သတင်း မီဒီယာ ကောင်စီ က ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ တစ်နှစ်တာ အတွင်း သတင်းသမားတွေ တရား အစွဲခံရ၊ ပြစ်ဒဏ် ချ ခံရတာမျိုး တွေ ဆက်လက် ဖြစ်ခဲ့ပြီး၊ တရား စီရင်ရေး စံနစ်ဟာ အခု အချိန်ထိ မလွတ်လပ် သေးတဲ့ အခြေအနေမှာ ရှိနေသေးတယ် ဆိုတဲ့ သတင်းမီဒီယာ ကောင်စီရဲ့ အမြင်ကို မစ္စလီ နဲ့ တွေ့ဆုံခိုက် ပြောခဲ့တယ် လို့လည်း မီဒီယာ ကောင်စီ အဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့ ဦးမြင့်ကျော်က ဘီဘီစီကို ပြောပါတယ်။

မြန်မာ နိုင်ငံရဲ့ သတင်း လွတ်လပ်မှု အပါအဝင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆို နိုင်ခွင့် နဲ့ ပတ်သက်ပြီး သတင်း မီဒီယာ ကောင်စီကို မစ္စလီက ရန်ကုန်မှာ တွေ့ဆုံ မေးမြန်း ခဲ့တုန်း မီဒီယာ ကောင်စီက သူတို့ရဲ့ သဘောထား အမြင်တွေကို ကုလသမဂ္ဂ လူ့ အခွင့်အရေး ကိုယ်စားလှယ်ကို ပြောဆို ခဲ့ကြတာ ဖြစ်ပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ တိုင်းရင်းသား ဒေသတွေ မှာ ဘာတွေ ဖြစ်ပျက် နေသလဲ ဆိုတာ အစိုးရ အာဘော် သတင်းစာ တွေကသာ မက လွတ်လပ်တဲ့ စာနယ်ဇင်း တွေကပါ သတင်း ရယူခွင့် ရှိဖို့ လိုအပ် နေတယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံရဲ့ လူ့ အခွင့်အရေး အခြေအနေ တွေကို စုံစမ်း လေ့လာဖို့ မစ္စယန်ဟီးလီ မြန်မာ နိုင်ငံကို ၅ ကြိမ်မြောက် ခရီးစဉ် အဖြစ် ရောက် ရှိနေတာ ဖြစ်ပြီးကချင်နဲ့ ရခိုင် ခရီးစဉ် တွေ အပြီး မစ္စ လီဟာ ရန်ကုန် မှာ ဇန်နဝါရီ ၁၇ ရက် အင်္ဂါ နေ့တုန်းက အင်းစိန် အကျဉ်းထောင်ကို သွားရောက်ခဲ့ သလို၊ မီဒီယာ ကောင်စီ အမှုဆောင် တွေ၊ အရပ်ဘက် အဖွဲ့အစည်း တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ