ကရင် လူမျိုးကို အခြေခံတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ စမယ်

  • 17 ဇန်နဝါရီ 2017
Image caption လူမျိုးစု အပေါ် အခြေခံတဲ့ ဆွေးနွေးပွဲဟာ ဘားအံ မှာပဲ ကျင်းပ နိုင်

ကရင်ပြည်နယ် ဘားအံ မြို့တော် မှာ ကရင် တိုင်းရင်းသား တွေရဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေကို ဒီကနေ့ ဇန်နဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူး နေ့မှာ စတင် ဖို့ ရှိနေပါတယ်။

ဒါဟာ ၂၁ ရာစု ပင်လုံ ညီလာခံ လို့ ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒုတိယ အကြိမ် ပြန်မစ ခင်၊ တိုင်းနဲ့ ပြည်နယ် တွေမှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေ ပြုလုပ်မယ် ဆိုပြီး ကြိုတင် စီစဉ် ထားတဲ့ အတိုင်း အခုလို ဘားအံမှာ စတင် ပြုလုပ် လာတာ ဖြစ်ပါတယ်။

ကရင် ပြည်နယ် အခြေစိုက် အဖွဲ့အစည်း တွေသာမကပဲ တနိုင်ငံလုံး အနှံ့က ကရင် အမျိုးသား တွေ ဖွဲ့ထားကြတဲ့ နိုင်ငံရေး ပါတီတွေ၊ လူမှု အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အဖွဲ့တွေရဲ့ ကိုယ်စားလှယ် တွေ စုံညီ နဲ့ ကျင်းပ သွားမှာ ဖြစ်တယ်လို့ ကရင် အမျိုးသား အစည်းအရုံး KNU ရဲ့ အထွေထွေ အတွင်းရေးမှုး ပဒို ကွယ်ထူးဝင်းက ဘီဘီစီကို ပြောပါတယ်။

ဆွေးနွေးပွဲကို ၃ ရက်ကြာ ပြုလုပ်မှာ ဖြစ်ပြီး နိုင်ငံရေးကဏ္ဍ၊ စီးပွါးရေးကဏ္ဍ၊ လူမှုရေး ကဏ္ဍနဲ့ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကဏ္ဍ ဆိုပြီး အဓိက ခေါင်းစဉ် ၄ ခု အောင် ဆွေးနွေး ကြဖို့ သတ်မှတ် ထားပါတယ်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ် အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး လိုမျိုး အရေးကြီးတဲ့ အကြောင်းတွေ နိုင်ငံရေး ကဏ္ဍ အောက်မှာ ပါဝင် လာဖို့ ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

အခုလို အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေကို တနိုင်ငံလုံး အနှံ့ ကျင်းပ သွားဖို့ ရည်ရွယ် ထားပေမယ့် ဖေဖေါ်ဝါရီ လလယ် ၂၁ ရာစု ပင်လုံ ညီလာခံ ပြန်မစခင် လောလောဆယ် မှာတော့ လူမျိုးစု အပေါ် အခြေခံတဲ့ ဆွေးနွေးပွဲဟာ ဘားအံ မှာပဲ ကျင်းပ နိုင်တာ ဖြစ်ပါတယ်။

ဒေသ အပေါ် အခြေခံတဲ့ ဆွေးနွေးပွဲကို တနင်္သာရီ တိုင်းဒေသကြီး မှာ ကျင်းပ လာမှာ ဖြစ်သလို၊ နေပြည်တော် ကောင်စီ နယ်မြေမှာလည်း အစည်းအဝေး တစ်ခု ပြုလုပ် လာဖို့ ရှိနေပါတယ်။

အဲဒီ ဆွေးနွေးပွဲ တွေက ရရှိ လာတဲ့ သဘောထားတွေကို ၂၁ ရာစု ပင်လုံ ညီလာခံမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ