မြန်မာကို အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ လွှတ်ဖို့ OIC က ဆုံးဖြတ်

  • 19 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ၅၇ နိုင်ငံက OIC နိုင်ငံခြားရေး ဝန်ကြီးတွေ ရိုဟင်ဂျာ အရေး အထူး အစည်း အဝေးကျင်းပ

OIC အစ္စလမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အထူး အစည်း အဝေးမှာ ရိုဟင်ဂျာ ပြဿနာကို အပြီးတိုင် ဖြေရှင်းဖို့ အိမ်ရှင် မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ်က မြန်မာ အစိုးရကို တိုက်တွန်း လိုက်ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံ နေတာတွေ တိုက်ခိုက်နေတာတွေ ရပ်တန့်အောင် အဖွဲ့ဝင် နိုင်ငံတွေက လုပ်ဆောင်ကြဖို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်က တိုက်တွန်းလိုက်ပြီး မြန်မာ နိုင်ငံကနေ အစုလိုက် ထွက်ပြေး နေရတဲ့ ရိုဟင်ဂျာတွေရဲ့ အရေးက ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်စေ လိမ့်မယ်လို့လည်း သူက ပြောလိုက်ပါတယ်။

နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးက ဒေသတွင်း တခြားနိုင်ငံတွေရဲ့ တည်ငြိမ်မှုကို ထိခိုက်လာရင် ဒီအတိုင်း ကြည့်မနေနိုင်ဘူးလို့ လည်း မလေးရှား ဝန်ကြီးချုပ် ကပြောပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက OIC အဖွဲ့ဝင် နိုင်ငံ တချို့က မြန်မာ အစိုးရ ကိုင်တွယ် ဆောင်ရွက်နေတဲ့ အခြေ အနေမှန်ကို နားလည် လက်ခံပေမဲ့ တချို့ ကတော့ နိုင်ငံရေးအရ အမြတ်ထုတ် လိုပုံရတယ်လို့ ပြောပါတယ်။

OIC အတွင်းရေးမှူးချုပ် Dr Yousef Ahmed Al Othaimeen အပါအဝင် အဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံ တက်ရောက်ကြတဲ့ မလေးရှား နိုင်ငံကွာလာ လမ်ပူမြို့က ရိုဟင်ဂျာ အရေး အထူးအစည်း အဝေးမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရဲ့ အခြေအနေကို စိစစ်ဖို့ အဆင့်မြင့် ကိုယ်စားလှယ် တစ်ဖွဲ့ စေလွှတ်ရေး ဆုံးဖြတ်ပါတယ်။

အဲဒီကိုယ်စားလှယ် အဖွဲ့ကို မြန်မာအစိုးရက လက်ခံဖို့ တိုက်တွန်းကြောင်းလည်း အစည်းအဝေး အပြီး ကြေညာချက်မှာ ဖော်ပြ ပါတယ်။

အိမ်ရှင်ဖြစ်တဲ့ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ရဲ့ အဖွင့်မိန့်ခွန်း မှာလည်း အကြမ်းဖက်မှုတွေကို အဆုံးမသတ်နိုင်ရင် အိုင်အက်စ်လို အစ္စလမ်မစ် အဖွဲ့တွေ စိမ့်ဝင်လာပြီး ရိုဟင်ဂျာတွေကို အစွန်း ရောက်အောင် အသုံးချသွားနိုင်တယ်လို့သတိပေး ထားပါတယ်။

ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေက ရခိုင်ပြည်နယ်က ပြဿနာကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဦးကျော်ဇေယျ ကတော့ မြန်မာအစိုးရရဲ့ လက်ရှိ လုပ်ဆောင် နေမှုတွေက ပွင့်လင်း မြင်သာမှု ရှိပြီး ဥပဒေ နဲ့ အညီ ဆောင်ရွက်နေတာ ဖြစ်ကြောင်း ပြောပါတယ်။

ရခိုင်ဒေသမှာရှိတဲ့ ဒုက္ခရောက်နေသူတွေ အတွက် အင်ဒိုနီးရှားနိုင်ငံက ပေးမယ့် လူသားချင်း စာနာတဲ့ စားနပ်ရိက္ခာ တွေကို လာမယ့်၂၁ ရက် စနေနေ့မှာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင် သွားရောက် ဖြန့်ဖြူးမှာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံကလည်း စားနပ်ရိက္ခာနဲ့ အထောက် အကူပစ္စည်းတွေ ပို့ဖို့ တောင်းဆို ထားရာမှာ မြန်မာအစိုးရ သတ်မှတ် ထားတဲ့အတိုင်း လိုက်နာရင် ခွင့်ပြုမယ်လို့ မြန်မာအစိုးရက ပြောထား ပါတယ်။