မုံးကိုး ခရစ်ယာန် ဓမ္မဆရာ ၂ ယောက်ကို တပ်မတော် က ဖမ်းဆီးထား

  • 19 ဇန်နဝါရီ 2017
Image caption ပျက်စီးဆုံရှုံးမှုရှိတဲ့ နေရာတွေကို ပျောက်သွားတဲ့သူ နှစ်ယောက်က လိုက်ပြ ပေးခဲ့ဖူး

မုံးကိုး တိုက်ပွဲအတွင်း ပျောက်ဆုံးနေတဲ့ နှစ်ခြင်းခရစ်ယာန်အသင်းက သင်းအုပ်ဆရာ ဒမ်ဒေါ်နောင်လတ်နဲ့ လန်ဂျော်ဂမ်ဆိုင်းတို့ကို လူပျောက် တိုင်တန်း ခဲ့ရာမှာ ၎င်းတို့နှစ်ယောက်ကို တပ်မတော်မှ ဖမ်းဆီးထား ကြောင်း အစိုးရ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။

အစိုးရ ထုတ်ပြန်ချက်ထဲမှာ ဒီဒီနောင်လတ်ဆိုသူနဲ့ လန်ဂျော်ဂမ်ဆိုင်းတို့ကို ဒီဇင်ဘာ လ ၇ရက်နေ့က မိုးကိုးမြို့ထဲကို တိုက်ပွဲ ရှောင် ပြည်သူတွေနဲ့ ပြန်လည်ဝင်ရောက် လာရာမှာ ရှာဖွေ ဖမ်းဆီး ခဲ့တယ်လို့ဆိုပါတယ်။

ဒီပုဂ္ဂိုလ်နှစ်ယောက်ဟာ လက်နက်ကိုင်တွေ အတွက် လူသစ်စုဆောင်းပေးခြင်း သတင်း ပေးခြင်း မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့်ခြင်း တွေ ပါဝင်လုပ်ဆောင်တယ် လို့ပြောပါတယ်။

သင်းအုပ်ဆရာ နှစ်ယောက်ဟာ ကချင် ခရစ်ယန် အသင်းတော်မှ ဖြစ်ပြီး အသက်ရှင်လျှက် ရှိနေတယ်လို့ သိရတဲ့ အတွက် ဝမ်းသာတယ်လို့ ကေဘီစီ အဖွဲ့ချုပ် အတွင်းရေးမှူးဒေါက်တာ ဆန်ဆမ် က ပြောပါတယ်။

ရှမ်းပြည်နယ် မုံးကိုးဒေသက သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဓမ္မဆရာ ဦးလန်ဂျော်ဂမ်ဆိုင်း တို့ ဒီဇင်ဘာလ ၂၄ရက်နေ့ ညမှာ ပျောက်ဆုံး သွား ခဲ့တာပါ။

အခုလို ပျောက်ဆုံးနေသူ ၂ဦးဟာ မုံးကိုးဒေသက အစိုးရစစ်တပ်က ဖမ်းဆီးသွားသူတဦးကို ပြန်လွှတ်ပေးဖို့ ကိစ္စအကြောင်း ပြောဆိုကာ ထွက်သွားကြ ပြီးတဲ့နောက်ပိုင်း ပျောက်သွားတာ ဖြစ်တယ်လို့ မုံးကိုးမြို့က ခရစ်ယာန် ဓမ္မဆရာတဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီအဖမ်းခံရသူဟာ ပြီးခဲ့တဲ့ မုန်းကိုးဒေသ တိုက်ပွဲဖြစ်စဉ်တွေမှာ အစိုးရစစ်တပ် ဖမ်းဆီးတာ ခံခဲ့ရပြီး ပြန်လွတ်လာတဲ့သူ ဖြစ်တယ်လို့လည်း အဲဒီဓမ္မဆရာက ပြော ပါတယ်။

မုံးကိုးဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အစိုးရစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း ပျက်စီးဆုံရှုံးမှုရှိတဲ့ နေရာတွေကို ပျောက်သွားတဲ့သူ နှစ်ယောက်က လိုက်ပြ ပေးခဲ့ဖူးပါတယ်။

အခုအခါ ဒီပုဂ္ဂိုလ်၂ယောက်ကို တိုက်ပွဲ ကာလ အတွင်း ကေအိုင်အေနဲ့ အကြိမ်ကြိမ် ဆက်သွယ်မှု အပါအဝင် စွပ်စွဲမှုတွေ လုပ်ထားတဲ့ အပေါ်မှာတော့ တရားဥပဒေ အရ ရင်ဆိုင် သွားမယ်လို့ ဒေါက်တာ ဆန်ဆမ် ပြောကြား ခဲ့ပါတယ်။

အစိုးရ သတင်းစဉ်ရဲ့ဖော်ပြချက်ထဲမှာ တပ်မတော်ဘက်က လက်နက်ကိုင်တွေနဲ့ ပတ်သက်ဆက်နွယ်နေသူ အမာခံ တွေကို ထပ်မံ ဖမ်းဆီး ရမိရေးနဲ့ ဒေသ တည်ငြိမ်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား ဒေသတွေမှာ တပ်မတော်ရဲ့ထိုးစစ်တွေကြောင့် ဒုက္ခသည်တွေ အများအပြား ပေါ်ထွက်နေတဲ့ကိစ္စ၊ လူ့ အခွင့်အရေး ချိုးဖောက်မှု စတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီကိုယ်တိုင် အစိုးရ အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး ကွင်းဆင်း လေ့လာခဲ့ပါတယ်။ 

ဒီသတင်းနဲ့ပတ်သက်သမျှ