ငြိမ်းချမ်းရေး ရဖို့ အစိုးရနဲ့ တပ်က ဖြေလျှော့ဖို့ လိုကြောင်း KNU ပြောကြား

  • 19 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် BBx
Image caption လူမျိုး အလိုက်နိုင်ငံရေး ဆွေးနွေးပွဲကိုလည်း ကျင်းပနေ

ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ အားလုံး လက်မှတ်ထိုးနိုင်ဖို့ အတွက် အစိုးရနဲ့ တပ်မတော် ဘက်က ဖြေလျှော့မှု တွေနဲ့ အင်အားသုံး တိုက်ခိုက်တာတွေ ရပ်ဆိုင်းဖို့ ပြောကြား လိုက်ပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာ ပြုလုပ်တဲ့ လူမျိုးအလိုက် အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပြီး ဒါဟာ ကရင်အမျိုးသား တရပ်လုံးကိုယ်စား တိုက်တွန်းတာလို့လည်း မူတူးစေးဖိုးက ဆိုပါတယ်။

အစိုးရ တပ်မတော် အနေနဲ့ ဘာတွေကို ဖြေလျော့ဖို့ လိုအပ်သလဲ၊ တိုက်ခိုက်မှုကို ဘယ်လို ရပ်ဆိုင်း စေချင်တာလဲ လို့ ဘီဘီစီ က ဆက်သွယ် မေးကြည့် တော့ KNU အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်း က အခုလို ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ အစိုးရ နဲ့ တပ်မတော် က နားလည်မှု ပေးပြီး ဖြေလျော့ ပေးဖို့ ဆိုတဲ့ သဘောနဲ့ တောင်းဆို ခဲ့တာ ဖြစ်ကြောင်း KNU အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း က ပြောပါတယ်။

အင်အားသုံး တိုက်ခိုက်မှုတွေကို ရပ်ဆိုင်း ပေးဖို့ တောင်းဆို တာကလည်း သူတိုက်လို့ ကိုယ်ပြန်တိုက်ရတယ်ဆိုတဲ့ အပြန်အလှန်စွပ်စွဲမှုတွေ ကို ရပ်ဆိုင်း ပြီး စစ်ရေး အရ တုံ့ပြန်မှုတွေကို ရပ်ဆိုင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

အခုဆိုရင် ငြိမ်းချမ်းရေး ကို တည်ဆောက်ဖို့ ကြိုးပမ်း နေတဲ့ ကာလမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို လုံးဝ ရပ်ဆိုင်း ဖို့က ကနဦး အကြောင်း ရင်း ဖြစ်တယ်လို့လည်း KNU အတွင်းရေးမှူး က ပြောပါတယ်။

နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးမှု မလုပ်ဘဲ နဲ့ စစ်ရေး အရ အရေးယူ နေမယ်ဆိုရင် ပြည်တွင်းစစ် က ပြီးပြတ်မှာ မဟုတ်ဘူးလို့လည်း ပဒို ကွယ်ထူးဝင်း က ပြောပါတယ်။

အခြေခံ နိုင်ငံရေး ပြဿနာ ကို ပြောဆို ဆွေးနွေးမှု မလုပ်တဲ့ အတွက် တိုက်ခိုက်မှုတွေက ပြန်လည် ဖြစ်ပွား နေတာလည်း ဖြစ်ပါတယ်။

နိုင်ငံရေး ဆွေးနွေးမှု မလုပ်သေးပေမယ့် အချို့ဒေသမှာ တိုက်ပွဲတွေ မရှိဘူးဆိုရင် ဒေသခံ ပြည်သူတွေ အတွက် ကောင်းမွန်တဲ့ အနေအထား တစ်ခု ဖြစ်တယ်ဆိုတာ ကို KNU က ယုံကြည် လက်ခံထားတယ်လို့ ပဒို ကွယ်ထူးဝင်း က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ