မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုမရှိလို့ ယန်ဟီးလီပြော

  • 20 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စ ယန်ဟီးလီက ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ပိုင်း တိုက်ပွဲဖြစ်မှုတွေ အတွင်းမှာလည်း အရပ်သားတွေ ဒုက္ခရောက်ရတာဟာ အစိုးရမှာ တာဝန်ရှိတယ်လို့ ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီက သူ့ရဲ့ ခရီးစဉ်ကို ခြုံငုံပြီး ပြည်တွင်း လူ့အခွင့်အရေးအခြေအနေ တိုးတက်မှု မရှိသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။

မစ္စ ယန်ဟီးလီဟာ ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ သောကြာနေ့ ညနေပိုင်းက သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားကို သွားရောက်ခဲ့ပြီး လိုင်ဇာဘက်ကို သွားခွင့်မရတဲ့ မစ္စယန်ဟီးလီဟာ ရခိုင်ပြည်နယ်ဘက်က ရသေ့တောင်တဝိုက်နဲ့ ဘူးသီးတောင်ထောင် အပါအဝင် ဦးရွှေကျားနဲ့ ဓါးစားကြီးရွာ အစရှိတဲ့ ရွာသုံးလေးရွာကို လွတ်လွတ်လပ်လပ် သွားခွင့်ရခဲ့ကြောင်း ပြောခဲ့တယ်လို့ ဒီပွဲကို တက်ရောက်ခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသ ဦးရွှေကျားရွာက အမျိုးသမီးတွေ အဓမ္မကျင့်ခံရတဲ့ကိစ္စမှာလည်း မစ္စယန်ဟီးလီဘက်က မေးမြန်းခွင့်ရခဲ့ပေမယ့် သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ လိုဦးမယ်လို့ သူက ပြောပါတယ်။

မစ္စ ယန်ဟီးလီက ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ပိုင်း တိုက်ပွဲဖြစ်မှုတွေ အတွင်းမှာလည်း အရပ်သားတွေ ဒုက္ခရောက်ရတာဟာ အစိုးရမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

ခရီးစဉ်အတွင်းမှာ မွန်ပြည်နယ်က ထောင်သားတွေအတွက် ထားရှိတဲ့ အလုပ်ကြမ်းစခန်းကို ပထမဆုံးအကြိမ် သွားရောက်ခဲ့တာဟာ ထူးခြားမှု တခုပဲလို့ မစ္စယန်ဟီးလီက ပြောပါတယ်။

မစ္စ ယန်ဟီးလီရဲ့ ခရီးစဉ်ဟာ ၁၂ရက် ကြာမြင့်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ရက်နေ့က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ