ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်စုနဲ့တွေ့ဆုံ

  • 20 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်အောင်ဆန်း စုကြည်က ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးကို တွေ့ဆုံပြီး ညစာ တည်ခင်း ဧည့်ခံ

ငါးနှစ် အတွင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး တစ်ယောက်ရဲ့ ပထမဆုံး ခရီးစဉ် အဖြစ် ဝန်ကြီး ဘောရစ် ဂျွန်ဆင် မြန်မာ နိုင်ငံမှာ ရောက်ရှိ နေပါတယ်။

သူ့ခရီးစဉ်မှာ အဓိက အားဖြင့် မြန်မာ နိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ် အရေးတို့ကို အဓိက ဆွေးနွေးဖို့ ရှိတယ် ဆိုတာ ဗြိတိန် နိုင်ငံခြားရေး ဌာနကရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။

မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးတို့ အတွက် ဗြိတိန်နိုင်ငံ ဘက်က ပံ့ပိုး ကူညီသွားမယ့်အကြောင်း ဝန်ကြီး ဘောရစ် ဂျွန်ဆင်က ထပ်မံ အတည်ပြု ပြောမှာ ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

နှစ်ရက်ကြာ ခရီးစဉ် ပထမနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဘောရစ် ဂျွန်ဆင်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် လည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့ပြီး ညစာစားပွဲ တက်ရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ မတွေ့ခင် မစ္စတာ ဂျွန်ဆင်က ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ တို့နဲ့ တွေ့ဆုံခဲ့ ပါတယ်။

မြန်မာ နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန်ချက်မှာ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပညာရေး ၊ ကျန်းမာရေး ကိစ္စရပ်တွေ ပူးပေါင်း ဆောင်ရွက်ဖို့ ပိုမို မြှင့်တင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပေမဲ့ ဗြိတိန်ဘက်က ထုတ်ပြန်ထားတဲ့ ရခိုင်အရေး၊ ငြိမ်းချမ်းရေး ကိစ္စတို့နဲ့ ပတ်သက်လို့ ဘာတွေ ဆွေးနွေးတယ် ဆိုတာ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

စနေနေ့ မှာတော့ ဝန်ကြီး ဘောရစ် ဂျွန်ဆင်က ရခိုင် ကော်မရှင်၊ ရခိုင်ပြည်နယ် အရေး နှစ်ဘက် အသိုင်းအဝိုင်းက ခေါင်းဆောင် တွေနဲ့ ရန်ကုန်မှာ ဆွေးနွေးမှာ ဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို ဆွေးနွေးကြမယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

တနင်္ဂနွေနေ့ မနက်စောစောမှာ ဘောရစ် ဂျွန်ဆင် မြန်မာ နိုင်ငံကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။