မြန်မာအစိုးရ ဖြေရှင်းပုံ အားရစရာ မရှိလို့ ယန်ဟီးလီ ဆို

  • 21 ဇန်နဝါရီ 2017
Image caption သူတွေ့ခွင့်တောင်းခဲ့ တဲ့ ဝန်ကြီးတွေထဲက ဝန်ကြီး ၂ယောက်နဲ့ တွေ့ခွင့်မရခဲ့

မစ္စယန်ဟီးလီး ရဲ့ ဒီတခေါက်မြန်မာပြည်ခရီးစဉ် ဟာ ၁၂ ရက်ကြာခဲ့ပြီးတော့ သူဟာ ကချင်ပြည်နယ် မြစ်ကြီးနားတဝိုက်မှာ ရောက်နေတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အိုင်ဒီပီတွေ နဲ့ တွေ့ဆုံခဲ့တယ်။

ရခိုင်ပြည်နယ်ဖက်မှာဆိုရင်လည်း ရသေ့တောင် က ကိုးတန်ကောက်ရွာဘက်၊ မောင်တောမြောက်ပိုင်းက ရွာတချို့ နဲ့ ဘူးသီးတောင် အကျဉ်းထောင် စတဲ့နေရာတွေ ကို သွားရောက်နိုင်ခဲ့တယ်။ နောက်ပြီး မွန်ပြည်နယ် က အကျဉ်းသားတွေ ကို အလုပ်ကြမ်းစေခိုင်းတဲ့ ကျောက်ထုတ်စခန်း ဘက် ကိုလည်း သွားခွင့်ရခဲ့ပါတယ်။ သူ သွားချင်တဲ့ နေရာအကုန်လုံးကိုစီစဉ်သူတွေအနေနဲ့ အကုန် ပို့ဆောင်နိုင်တာတော့မဟုတ်ပါဘူး။ ဥပမာ ကချင်ဘက်က ဖားကန့်နဲ့ လိုင်ဇာ ဒေသတွေ ဆီ သူ သွားချင်ပေမယ့် သွားရောက် နိုင်ဖို့ ဖြစ်မလာခဲ့ပါဘူး ။

သူဟာ ခရီးစဉ်အတွင်း နေပြည်တော် မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနဲ့ တွေဆုံနိုင်ပေမယ့် သူတွေ့ခွင့်တောင်းခဲ့ တဲ့ ဝန်ကြီးတွေထဲက ဝန်ကြီး ၂ယောက်နဲ့ တွေ့ခွင့်မရခဲ့သလို ကာကွယ်ရေးဉီးစီးချုပ်နဲ့လည်း တွေ့ခွင့်မရခဲ့ပါဘူး။

မစ္စယန်ဟီးလီး က ဖြစ်နေတဲ့ ကချင်ဖက်က ပြဿနာတွေ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း က ပြဿနာတွေအတွက် အစိုးရအနေနဲ့ ကာကွယ်ပြောချင်တာ၊ ပယ်ချချင်တာ၊ ငြင်းပယ်တာ မျိုးဖြစ်နေတယ်လို့ ဆိုပါတယ် ။အဲလို တုန့်ပြန်ဆောင်ရွက်မှုတွေ ဟာ အကျိုး ထက် ဆန့်ကျင်ဖက် ဆိုးကျိုးရလဒ် ပဲထွက်နိုင်ကြောင်း သူ က ပြောပါတယ်။ အဲဒါကို ပြန်ပြင် ဖို့ သိပ်နောက်မကျ သေးပါဘူးလို့ လည်း သူ ကဆိုပါတယ်။

မြန်မာပြည် မြောက်ပိုင်းမှာ အစိုးရ စစ်တပ်က ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်နွဲနေတဲ့ တိုက်ပွဲတွေအတွင်း နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း က စစ်ဆင်ရေးတွေ မှာ အရပ်သားတွေအပေါ်လူ့အခွင့်အရေးချိုးဖောက်တာတွေဖြစ်နေကြောင်း စွပ်စွဲထားတဲ့ သတင်းတွေ ကထွက်နေခဲ့တာပါ။ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ၃ လ အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ကနေ နေအိမ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ် ဖက်ကို ထွက်ပြေးသွားသူပေါင်း ၆သောင်း ၅ ထောင် ရှိနေပြီလို့ သိရပါတယ်။

ကချင် ဖက်က အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ က သူတို့ဟာ အရင် နှစ်ပိုင်း က အခြေအနေ ထက် ပိုပြီး ဆိုးလာတယ်လို့ ပြောကြောင်း မစ္စ ယန်ဟီးလီး က ပြန်ပြောပြပါတယ်

ရခိုင်ဖက် ကအခြေအနေတွေ နဲ့ပတ်သက်လို့လည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ မှာ တရားဥပဒေစိုးမိုးမှု ဘောင်အတွင်း က ပဲ လုပ်ဆောင်ဖို့ အင်မတန်မှ အရေးကြီး ကြောင်းနဲ့ လုံခြုံရေး ဆောင်ရွက်မှု တွေ ဟာ ရိုဟင်ဂျာ တွေရဲ့ လူသား အခွင့်အရေး နဲ့ ဂုဏ်သိက္ခာတွေအပေါ်မှာ ဂရုစိုက်တာ သိပ်မတွေ့ရကြောင်း သူ ကထောက်ပြ သွားပါတယ်။

အဲဒီဘက်မှာ လူတွေ ကကိုယ့်အိမ်ကိုမီးရှို့ပြီး ထွက်ပြေးသွားကြတာ ဆိုတဲ့အစိုးရ ဘက်က ဖြေရှင်းချက် နဲ့ပတ်သက်လို့လည်း အာဏာပိုင်တွေ ဘက်က ရွာက လူတွေအဲဒိလို လုပ်ခဲ့တယ် ဆိုတဲ့ အထောက်အထား နဲ့ မပြနိုင်ကြောင်း၊ ဒါကြောင့်မို့ သေချာ ခိုင်မာမှုမရှိတဲ့ အကြောင်း ပြောပါတယ်။

ရဲတွေ က နှိပ်စက်နေတဲ့ ဗီဒီယို ခွေနဲ့ပတ်သက်လို့လည်း သူ့အနေနဲ့ ဒီအဖြစ်ဟာ ဖြစ်လေ့မရှိပဲ ထူးထူးခြားခြား တနေရာ လောက်ထဲမှာ ဖြစ်တာ လို့ မမြင်ပဲ ရွာသားတွေကို လုံခြုံရေး ဝန်ထမ်းတွေ က ရိုက်နှက်တဲ့ အဲလိုအဖြစ်တွေ ဟာ နေရာတော်တော်များများ မှာ ဖြစ်ရိုးဖြစ်စဉ် လို ဖြစ်နေပုံရကြောင်း ပြောသွားပါတယ်။

အခု ခရီးစဉ်အတွင်း သူတွေဆုံရတဲ့ သူတွေ က သူနဲ့တွေ့ဆုံပြီးနောက်ပိုင်း သူတို့လက်တုန့်ပြန်ခံရမှာ ကို ကြောက်ရွံ့ နေကြောင်း ပြောပြကြတဲ့အတွက် သူ့အနေနဲ့ အလွန် စိတ်ညိုးနွမ်း ပူပန်စရာတွေ ဖြစ်ခဲ့ကြောင်း လည်း ပြောပါတယ်။

ဒါ့အပြင် သူ က ခိုကိုးရာ ရှာမရ တော့တဲ့သူတွေ ဟာ ကြံရာမရ ဖြစ်ချင်ရာဖြစ် ဆိုတဲ့ပုံမျိုး လုပ်ချင် တဲ့ သဘာဝ ရှိနေကြောင်းနဲ့ သူတို့ကို အကြမ်းဖက် သမားတွေ က အသုံးချ စရာ မဖြစ်သွားအောင် သူတို့ရဲ့ ပြဿနာ ကို အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ လိုတယ်လို့ တိုက်တွန်းသွားသလို

မြန်မာပြည်သူတွေအနေနဲ့ အစိုးရသစ် တက်ခါစ လွန်ခဲ့တဲ့ တနှစ် လောက်က မျှော်မှန်း ခဲ့ချက် တွေ ဟာ အခုအချိန်မှာ တဖြည်းဖြည်းလျော့ပါးလာနေ ကြောင်း လည်း ပြောဆို သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ