မကွေး ဝန်ကြီးချုပ်ဟောင်း ကို စသုံးလုံး စစ်ဆေး

  • 21 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် မကွေး ရေနံမြေ
Image caption ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေ ဆီက ကောက်ခံ ထားတဲ့ ကျပ်သန်းပေါင်း ၃ ထောင်နီးပါး စာရင်းပျောက် နေ

မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ နဲ့ ဒေသန္တရ ဝန်ကြီးဟောင်း တချို့ကို သူတို့လက်ထက် ဖြစ်ပေါ် ခဲ့တဲ့ ငွေရေးကြေးရေး အရှုပ်အရှင်း တွေနဲ့ ပတ်သက်လို့ စ သုံးလုံး ထောက်လှမ်းရေး အဖွဲ့က တစ်လ ကျော် စစ်ဆေးခဲ့ပါတယ်။

ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေ ဆီက ကောက်ခံ ထားတဲ့ ကျပ်သန်းပေါင်း ၃ ထောင်နီးပါး စာရင်းပျောက် နေတာ ဖြစ်ပါတယ်။

အရင် မကွေး အစိုးရ က ကောက်ခံရရှိငွေ ကျပ် ၂.၈ ဘီလျံ ကို လက်ရှိ အစိုးရ ကို လွှဲပြောင်း ပေးခဲ့ခြင်း ရှိမရှိ ဆိုတာ ကို ၂၀၁၆ ခုနှစ် မေလ တုန်း က လွှတ်တော်မှာ ဖွင့်ဖြူ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း က မေးမြန်း ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မေးခွန်း နဲ့ ပတ်သက်လို့ လွှဲပြောင်းပေးခဲ့ခြင်း မရှိကြောင်း နဲ့ မကွေးတိုင်း ဖွံ့ဖြိုးရေး လုပ်ငန်း တွေ ကို လုပ်ပေးနိုင်ခြင်းလည်း မရှိဘူး ဆိုတာ ကို လျှပ်စစ်စွမ်းအင် ဝန်ကြီး က လွှတ်တော်မှာ လာရောက် ဖြေကြားခဲ့ပါတယ်။

ရံပုံငွေ ကိစ္စနဲ့ ပတ်သက်လို့ မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ နဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီး အချို့ကို စုံစမ်းစစ်ဆေးရေး ဦးစီးဌာန က မေးမြန်းမှုတွေ ပြုလုပ် ခဲ့ပြီး သူတို့ရဲ့ ထွက်ဆို ချက်တွေကို ပြည်ထောင်စု အစိုးရ ဆီကို တင်ပြထား တယ်လို့ သိရပါတယ်။

ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေ နဲ့ တွေ့ဆုံ ပြီးနောက်မှာ ရေနံ တစ်ပေပါ ကို ၅ ထောင်နှုန်းနဲ့ ကောက်ခံနေတယ်ဆိုတာ ကို သိလာရတာ ဖြစ်ကြောင်း ဦးထွန်းထွန်း က ပြောပါတယ်။

မကွေးတိုင်း၊ မင်းလှ နဲ့ သရက် ဒေသတွေမှာ တပိုင်တနိုင် ရေနံလက်ယက်တွင်း တူးတဲ့ လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ကြပါတယ်။ အဲဒီ ကနေမှ တဆင့် စစ်ကိုင်း နဲ့ မန္တလေး က ရေနံချက် စက်ရုံ တွေဆီကို သယ်ပို့ကြပါတယ်။ အစိုးရ က တစ်ပေပါ ကို သုံးထောင် ဒါမှ မဟုတ် ငါးထောင်ကျပ် နှုန်း ကောက်ခံ နေတာ ဖြစ်ပါတယ်။

လက်ရှိ အစိုးရသစ် အနေနဲ့ ကလည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်တွေ ဆီကနေ ရံပုံငွေ ဆက်လက် ကောက်ခံ နေဆဲ ဖြစ်ပြီး မြန်မာ့ စီးပွားရေး ဘဏ်မှာ စနစ်တကျ အပ်နှံထားတယ်လို့ သိရှိရကြောင်း ဦးထွန်းထွန်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ