ရခိုင် ဒုက္ခသည်တွေအတွက် အင်ဒို က လာရောက်လှူဒါန်း

  • 22 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် MOI
Image caption Mrs. Retno L.P. Marsudi ကိုယ်တိုင် စစ်တွေကို သွားရောက်ပြီး မြန်မာ အစိုးရကို လွဲပြောင်း ပေးအပ်ခဲ့

အင်ဒိုနီးရှားနိုင်ငံ က ထောက်ပံ့တဲ့ အကူအညီတွေကို နိုင်ငံခြားရေးဝန်ကြီး Mrs. Retno L.P. Marsudi ကိုယ်တိုင် စစ်တွေကို သွားရောက်ပြီး မြန်မာ အစိုးရကို လွဲပြောင်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ကို အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဟာ ဇန်နဝါရီလ ၂၁ ရက်နေ့ က ရောက်ရှိလာပြီး အင်ဒိုနီးရှား နိုင်ငံက ကူညီလှူဒါန်းထားတဲ့ ရိက္ခာတွေကို ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို လက်မှတ်ရေးထိုးပြီး လွဲပြောင်းပေးအပ်ခဲ့ပါတယ်။

အဝတ်အထည် ခေါက်ဆွဲခြောက် ရိက္ခာတွေ နဲ့ ဂျုံမှုန်တွေကို အင်ဒိုနီးရှား နိုင်ငံက ပေးပို့ လှူဒါန်း လာတာ ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟာ စစ်တွေမြို့ ပြင်မှာ မွတ်ဆလင် ဒုက္ခသည်တွေ အတွက် အင်ဒိုနီးရှား က လှူဒါန်းထားတဲ့ ကျောင်းနှစ်ကျောင်းကိုလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။

ABC ရခိုင် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးကျောင်း ကို ဒေါ်လာ ၃၁၀၀ အင်ဒို ဘက် ကလှူဒန်း ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြတ်အေး ကလည်း အလှူငွေ ကျပ်ငါးသိန်း ပေးအပ် လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အကူအညီတွေကို သံတမန်လမ်းကနေ လက်ခံပြီး ထောက်ပံ့ပေးသွားမှာ ဖြစ်သလို မလေးရှားနိုင်ငံက လာမယ့် အကူအညီ တွေကိုလည်း သံတမန် လမ်းကြောင်း အရ ဆက်သွယ် လှူဒါန်းသွားဖို့ မလေးရှားသံအမတ်ကြီးက သဘောတူ ထားကြောင်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ