ပန်ဒါအထည်ချုပ်လုပ်သားတွေ မန္တလေးမှာ ဆန္ဒပြ

  • 22 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ညှိနှိုင်းမှုပျက်ခဲ့ပေမယ့် အစိုးရဘက်က ဆက်ညှိမပေးတဲ့အတွက် အလုပ်သမားတွေဘက်က မကျေနပ်ကြတာ ဖြစ်ပါတယ်

ဇန်နဝါရီလ ၂၂ရက်နေ့ မနက်ပိုင်းက ပလိပ်မြို့ ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံက သပိတ်မှောက်နေတဲ့ အလုပ်သမားတွေဟာ တောင်းဆိုချက်တွေ မရသေးတဲ့အတွက် မန္တလေးမြို့ပေါ်မှာ အင်အား ၂၀ဝ ကျော်လောက်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။

စက်ရုံအလုပ်ရှင်နဲ့ ဒီအလုပ်သမားတွေကြားက ပြဿနာကို မန္တလေးတိုင်းအစိုးရက ကော်မတီဖွဲ့ပေးပြီး ၂လနီးပါး ညှိနှိုင်းပေးခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံ စက်မှုလုပ်ငန်းရှင်များအသင်းက ညှိနှိုင်းမှု ရလဒ်ကို ကန့်ကွက်ခဲ့ပြီး အလုပ်ရှင်ဘက်ကလည်း သဘောတူပြီးသား အချက်တွေကို ပြန်ပြင်ခဲ့တဲ့အတွက် ညှိနှိုင်းမှု ပျက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို ညှိနှိုင်းမှုပျက်ခဲ့ပေမယ့် အစိုးရဘက်က ဆက်ညှိမပေးတဲ့အတွက် အလုပ်သမားတွေဘက်က မကျေနပ်ကြတာ ဖြစ်ပါတယ်။

အလုပ်ရှင်တွေဘက်သာ ကန့်ကွက်တိုင်းသာ တိုင်းဒေသကြီး အစိုးရအဖွဲ့က မျက်ကွယ်ပြုနေရင် အလုပ်သမားအရေး တွေ ဖြေရှင်းလို့မရနိုင် ဖြစ်နေမယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂအဖွဲ့ရဲ့ ကိုသက်နှင်းအောင်က ဒီဆန္ဒပြပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲ ခေါင်းဆောင် အလုပ်သမားကိုယ်စားလှယ် လေးယောက်ကို အလုပ်ပြန်မခန့်တဲ့အတွက် အလုပ်သမားတွေဘက်က ညှိနှိုင်းမှုမှာ လက်မှတ် မထိုးခဲ့တာဖြစ်ပြီး အလုပ်သမားတွေဘက်က အလုပ်ဝင်ချင်ရင် ဝင်လို့ရတယ်လို့ မန္တလေးတိုင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ဘီဘီစီကို ပြောပါတယ်။

အခုလို မပြေလည်သေးတဲ့ အခြေအနေကို တိုင်းဒေသကြီး အစိုးရ အစီအစဉ်နဲ့ ပြည်ထောင်စုအဆင့် အထိ တင်ပြထားတယ်လို့ လည်း သူက ပြောပါတယ်။

ဒီစက်ရုံဟာ ပန်ဒါကုမ္ပဏီက ယခင် အစိုးရရဲ့ စက်မှုဝန်ကြီးဌာနလက်ကနေ လွှဲပြောင်းယူတာ ဖြစ်ပြီး အလုပ်သမား ၈၀ဝ ကျော် အတွက် ပင်စင်နဲ့ လုပ်သက်ခံစားခွင့်တွေ ရခဲ့ပေမယ့် ရသင့်တာထက် လျော့ပြီး ကုမ္ပဏီက ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်သမားတွေဘက် ခံစားခွင့် ဆုံးရှုံးမှုတွေလည်း ရှိတဲ့အတွက် ၂နှစ်ကျော်ကြာ တောင်းဆိုခဲ့ပေမယ့် မရတဲ့အတွက် လွန်ခဲ့တဲ့ ၈ လက စပြီး အလုပ်သမားတဝက်ကျော်က စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ