မြောက်ပိုင်း မဟာမိတ်နဲ့ တရုတ် တွေ့ဆုံ

  • 22 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် HANDOUT
Image caption ကေအိုင်အေ စခန်း အစိုးရဘက်ကသိမ်းခဲ့

မြောက်ပိုင်း မဟာမိတ် အဖွဲ့လို့ သိကြတဲ့ ကေအိုင်အေ၊ TNLA တအာင်း ပလောင်၊ MNDAA ကိုးကန့်အဖွဲ့နဲ့ AA ရခိုင် အဖွဲ့တွေဟာ တရုတ် အစိုးရဘက်နဲ့ ဇန်နဝါရီလ ၁၉ ရက်က တွေ့ဆုံခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဆွန်ကောချန်း နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ တို့ ယူနန်ပြည်နယ် ၊ကူမင်း မြို့ မှာ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ကြ တာပါ။

မြန်မာ အစိုးရနဲ့ ဒီအဖွဲ့တွေကြား ဖြစ်နေတဲ့ တိုက်ပွဲတွေက တရုတ်ဘက်ကို ထိခိုက်လာလို့ ဒီလို တရုတ်က တွေ့ဆုံခဲ့တာလို့လည်း TNLA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး တာအိုက်ကျော် က ပြောပါတယ်။

တရုတ် ကိုယ်စားလှယ်တွေနဲ့ တပ်မတော် ခေါင်းဆောင်တွေ တွေ့ဆုံရာမှာတော့ ဒီ လေးဖွဲ့ကို ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ဖို့ စကားပါးလိုက်တယ်လို့ ဆိုကြောင်း တရုတ်ဘက်က ဒီလေးဖွဲ့ကို ပြောကြားပါတယ်။

ဒါပေမဲ့ တပ်နဲ့ တိုက်ရိုက်ဆွေးနွေးမှာ မဟုတ်ဘဲ ငြိမ်းချမ်းရေး ကော်မရှင်ဘက်နဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ ပြောတယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ ဘယ်လို ကန့်သတ်ချက် စည်းကမ်းတွေနဲ့ တွေ့မယ် ဆိုတာတော့ တရုတ်ဘက်က ပြောမသွားဘူးလို့ ဗိုလ်မှူး တာအိုက်ကျော် က ဆိုပါတယ်။

အရင်တခါ တရုတ်ပြည်မှာ တွေ့ကြခဲ့စဉ်ကလည်း လေးဖွဲ့လုံးနဲ့ တခါတည်း တွေ့ဖို့ တောင်းဆိုတာကို မြန်မာ ဘက်က လက်မခံလို့ ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ဒီဇင်ဘာလတုန်း ကလည်း မြန်မာဘက်က တွေ့ဖို့ ကမ်းလှမ်းပေမယ့် တရုတ်နဲ့ ဝ အဖွဲ့ ကိုယ်စားလှယ်တွေကို သက်သေ အဖြစ် ခေါ်ဖို့ မြောက်ပိုင်း မဟာမိတ် တွေက တောင်းဆိုတာကို ပြန်ကြားခြင်း မရှိဘူးလို့ ဗိုလ်မှူး တာအိုက်ကျော် က ဆိုပါတယ်။

တိုက်ပွဲ ဖြစ်ဆဲ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ အစိုးရတပ်တွေနဲ့ KIA တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ အတွက် အစိုးရတပ်သားတချို့ ဒဏ်ရာရခဲ့ပြီး KIA ဘက်က တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲဟာ မူဆယ်မြို့နယ်အတွင်း မော်တောင်းရွာနားမှာ ဖြစ်ခဲ့ပြီး KIA ဘက်က လက်နက်တွေကို အစိုးရဘက်က သိမ်းဆည်းရမိထားတယ်လို့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တအာင်းဒေသ နမ့်ဆမ်မြို့နယ်က ဟူးမန်းရွာသား သုံးယောက်ကို မြန်မာ့တပ်မတော်က ဖမ်းဆီးသွားပြီး တဦးကို ပစ်သတ်လိုက်တယ်လို့ TNLA က ထုတ်ပြန်ခဲ့ပါတယ်။

TNLA နဲ့ အစိုးရကြား တိုက်ပွဲတွေကတော့ ရက်ဆက်ဆိုသလို ဖြစ်နေဆဲ လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ