ဖားကန့်နယ်ထဲ ကျောင်းဆရာ အသတ်ခံ ခဲ့ရလို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်

  • 22 ဇန်နဝါရီ 2017
Image caption ဈာပနကို ပညာရေးဝန်ထမ်း ၅ထောင်လောက် လိုက်ပါ ပို့ဆောင်

ကချင်ပြည်နယ် ဖားကန့် မြို့နယ်ထဲက ကျေးရွာ တစ်ရွာမှာ ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ကျောင်းဆရာ တစ်ဦး သေနတ်နဲ့ ပစ်သတ် ခံခဲ့ရမှုမှာ လက်သည်ကို အမြန်ဆုံး ဖော်ထုတ် ပေးဖို့ ရန်ကုန်၊ မန္တလေး နဲ့ တချို့ မြို့တွေမှာ ကျောင်းဆရာ ဆရာမ တွေအစိုးရကို တောင်းဆို ဆန္ဒပြ ခဲ့ကြပါတယ်။

ဇန်နဝါရီ ၁၈ ရက် ၊ ဗုဒ္ဓဟူးနေ့ တုန်းက နမ္မဖြစ် ကျေးရွာ အလယ်တန်းကျောင်းက ကျောင်းဆရာ ဦးအောင်ဇင်ထွန်းဟာ ဘယ်သူ ဘယ်ဝါ တွေမှန်း မသိရတဲ့ လက်နက်ကိုင် တွေရဲ့ လက်ချက်နဲ့ သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။

ဒီ အမှုမှန် ဖော်ထုတ် ပေးဖို့သာ မကပဲ၊ ဆရာ ဆရာမ တွေရဲ့ ဘဝ လုံခြုံမှု ရှိဖို့ အရေး အစိုးရဘက်က အာမခံချက် ပေးဖို့ ဆန္ဒပြသူ တွေက တောင်းဆို ခဲ့ကြသလို၊ အကြမ်းဖက် သတ်ဖြတ်မှု တွေကို ဆန့်ကျင်ကြောင်း ဟစ်ကြွေး ခဲ့ကြပါတယ်။

ဦးအောင်ဇင်ထွန်းကို သတ်ဖြတ်ခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ ဘက်က လူသိရှင်ကြား ထုတ်ဖော် ဝန်ခံပြီး ကျန်ရစ်သူ မိသားစု နဲ့ ကျောင်းဆရာ ဆရာမ တွေ အားလုံးကို တောင်းပန် ပါ ဆိုပြီး ဆန္ဒပြပွဲ တွေကို ဦးဆောင် ဆော်ဩ ခဲ့တဲ့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် က ပြောပါတယ်။

ဇန်နဝါရီ ၂ဝ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဆရာအောင်ဇင်ထွန်းရဲ့ ဈာပနကို ဖားကန့်၊ မိုးညှင်း ၊ မိုးကောင်း ၊ ကာမိုင်း ၊ ဟိုပင် စတဲ့မြို့တွေက ပညာရေးဝန်ထမ်း ၅ထောင်လောက် စုရုံး လိုက်ပါ ပို့ဆောင် ခဲ့ကြတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ