အရပ်သား နေရာတွေကို လက်နက်ကြီးတွေနဲ့မပစ်ဖို့ တောင်းဆို

  • 24 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် TNLA
Image caption လက်နက်ကြီးကျည် ကျလို့ ဒဏ်ရာရခဲ့သူတွေ လားရှိုး ဆေးရုံမှာ ကုသခဲ့ရ

ရှမ်းပြည်နယ် မန်တုံ ဒေသမှာ အရပ်သားတွေ နေတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာ မဟုတ်ဘဲ တပ်မတော် ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လက်နက်ကိုင် အဖွဲ့တွေက မိုင်းထောင် တာတွေကြောင့် အပစ်မဲ့ အရပ်သားတွေ သေကြေ ကြရလို့ ဒီလုပ်ရပ်တွေကို ရပ်တန်းက ရပ်ပါလို့ တအာင်း ပလောင် အမျိုးသား ပါတီ TNP ပါတီ မန်တုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက တောင်းဆို လိုက်ပါတယ်။

ဒီဖြစ်ရပ် တွေကြောင့် စိုးရိမ် နေကြတဲ့ သူ့မဲဆန္ဒနယ်က ပြည်သူတွေက ဆက်သွယ် ပြောလာကြတဲ့ အတွက် အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေကို တောင်းဆို ရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

သူနေတဲ့ မန်တုံမြို့ပေါ်ကနေတောင် လက်နက်ကြီးနဲ့ ပစ်တဲ့ အသံတွေ၊ သေနတ်သံတွေ ကြားနေရတယ်လို့ လည်း ဒေါ်နန်းမိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က TNP ပါတီ အလုပ်အမှုဆောင် ကော်မတီဝင် တစ်ယောက် အပါအဝင် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ လားရှိုးကို အသွားမှာ မန်တုံမြို့နယ် အတွင်းမှာတင် မိုင်းထိခဲ့တဲ့ အတွက် ရဲ တစ်ယောက်နဲ့ ကားမောင်းသမား သေဆုံးခဲ့ရတယ်လို့ သူက ပြောပါတယ်။

ဒီမိုင်းထောင်မှုကို ဘယ်သူလုပ်တယ် ဆိုတာ မျက်မြင်ကိုယ်တွေ့ မသိလို့ မပြောနိုင်ပေမဲ့ TNLA တအာန်း ပလောင် လက်နက်ကိုင် တပ်ဖွဲ့က ထောင်တာလို့ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေတာတွေ ရှိကြောင်း ဒေါ်နန်းမိုးက ပြောပါတယ်။

မန်တုံ မြို့နယ် အတွင်းမှာ ဇန်နဝါရီလ ၁၁ ရက်နေ့ ညက အဲဒီမှာ ရှိတဲ့ အစိုးရ တပ်မတော်က လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ဒေသခံတွေက ကြောက်လန့်ပြီး သူ့ကို အကူအညီ တောင်းလို့ ဗျူဟာမှူးကို ကိုယ်တိုင် တောင်းဆိုခဲ့ ရာမှာ ရပ်နားပေးမယ်လို့ ပြောခဲ့ကြောင်း ဒေါ်နန်းမိုးက ပြောပါတယ်။

ဒါပေမဲ့ မန်စီ မြို့နယ် နမ့်ဆန် မြို့နယ် ဟိုချောင်းရွာက ဦးငြိမ်းချမ်းရဲ့ နေအိမ်ကို ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လယ်က လက်နက်ကြီး ကျည်ကျ ခဲ့တဲ့ အတွက် ၁၂ ယောက် ထိခိုက်ပြီး နှစ်ယောက် သေဆုံးခဲ့ရပါတယ်။

အခုလို အရပ်သားတွေ သေကြေ ကြရတဲ့ ဖြစ်ရပ်မျိုးတွေ၊ နစ်နာမှု တွေကို လွှတ်တော် ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ လွှတ်တော်မှာ တင်ပြ ဆွေးနွေးပြီး ရပ်တန့်အောင် တောင်းဆို ဖို့ရာလည်း အခက်အခဲတွေ ရှိတယ်လို့ သူက ပြောပါတယ်။

တိုင်းရင်းသား ကိုယ်စားလှယ်တွေက အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ မအောင်မြင် ခဲ့ဘူးလို့ ဒေါ်နန်းမိုးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ